ဒီရေဒရီနော့တန် (ပညာရေးဆိုင်ရာ ဆက်သွယ်ရေး)မှ ရေးသားသည်
ကချင်ပြည်နယ်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ - ဒေါ်အယ်လ်ဂျာအောင်လူ သည် ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် သူငယ်တန်း ကလေးငယ်များကို စာသင် ကြားပေးနေသူဖြစ်သည်။ ၎င်း၏ တစ်နေ့တာ မှာ တပည့်တွေ ကျောင်းခန်းထဲကို ဝင်မလာခင်ကတည်းက စတင်နေပြီ ဖြစ်သည်။ ၎င်း၏ သင်ကြားရေးမှတ်စုများကို ပြန်လည်ဆန်းစစ်ပြီး တစ်နေ့တာ သင်ကြားရမည့် အကြောင်းအရာများကို ပြန်မှတ်ကာ ဘာသာစကားမတူသော တပည့်များအတွက် အသုံးပြုရမည့် ဘာသာစကားကို ပြန်လေ့ကျင့်ရသည်။
ဒေါ်အယ်လ်ဂျာအောင်လူ (ဝဲ) ကို တခြားဆရာမများနှင့်အတူတွေ့ရစဉ်
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ဒီရေဒရီနော့တန် |
ဒေါ်လူက စာသင်ကြားလျှင် မြန်မာစကားနှင့် စသင်ပြီးနောက် ဒုတိယတစ်ကြိမ်တွင် တပည့် ၅၀ ရာခိုင်နှုန်း ၏မိခင်ဘာသာစကားဖြစ်သော ချင်းပိုစကားနဲ့ ရှင်းပြကာ အတန်းထဲက ကလေးငယ်အားလုံး နားလည် စေပြီး သင်ခန်းစာကို အတူတကွ သင်ကြားနိုင်စေရန် ပြုလုပ်ပေးသည်။
၎င်းမှာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ကျောင်းအုပ်ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ၄ နှစ်ရှိပြီဖြစ်ပြီး စာသင်ကြားသည့် သက်တမ်း တစ်နှစ်သာရှိသေးချိန်တွင် ယင်းရာထူးကို ပေးခဲ့ခြင်းဖြစ်ကာ စာသင်ကြားခြင်းနှင့် ကျောင်းအုပ်အလုပ်ကို နှစ်ခုတွဲပြီး တာဝန်ယူရသည်။
၎င်း၏ ကျောင်းတွင် ကျောင်းသား ၈၅ ဦးရှိပြီး ချင်းပို လူမျိုးက ၅၀ ရာခိုင်နှုန်း၊ ဆာဝါက ၃၀ ရာခိုင်နှုန်းနဲ့ ကျန်တပည့်များမှာ ရှမ်း၊ လိုဝိုနှင့် ဟိန္ဒူတို့ ဖြစ်သည်။ ၎င်းက မြန်မာစကားသာ ပြောသူဖြစ်သော်လည်း တပည့်များ၏ တိုင်းရင်းသားဘာသာစကားများကို နားလည်အောင်လည်း အစွမ်းကုန်ကြိုးစားသည်။
မိခင်ဘာသာစကားကို သုံးပြီး သင်ကြားလျှင် ကလေးများအတွက် ပိုပြီး လွယ်ကူလိမ့်မည်ဆိုသည်ကို မိဘများလည်း သိကြောင်း ၎င်းက ဂရုပြုမိသည်။ ၎င်း၏ ဘာသာစကား လေ့လာလိုက်စားခြင်းအပေါ် မိဘများက အလွန်ထောက်ခံအားပေးသည်။
“ကလေးတွေက နားမလည်ရင် ကျောင်းတက်ချင်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ကလေးငယ်များက မိခင်ဘာသာစကားဖြင့် ပိုမို ကောင်းမွန်လျင်မြန်လွယ်ကူစွာ သင်ကြားနိုင်ကြောင်း ပြသနေသည့် ပညာရေးသုတေသနကို ဒေါ်လူက လက်တွေ့ပြုလုပ်ပြသနေခြင်းဖြစ်သည်။ ဘာသာစကား သင်ကြားခြင်း သုတေသနအရ သင်ကြားသော ဘာသာစကားကို နားလည်လျှင် ကလေးငယ်များ (အထူးသဖြင့် အတန်းငယ်များတွင်) ပိုပြီး လျင်မြန်စွာ တတ်မြောက်ကြောင်း ပြသနေသည်။
ဒါ့အပြင် ကလေးငယ်များက မိခင်ဘာသာစကားကို အရင်ဦးဆုံးတတ်ထားလျှင် တခြားဘာသာစကား များကို သင်ယူရသည်မှာ ပိုမိုလွယ်ကူကြောင်းလည်း သုတေသနက ပြသနေသည်။ အာရှဒေသ (ကမ္ဘောဒီးယား၊ ထိုင်းနှင့် ဖိလစ်ပိုင်အပါအဝင်)မှ လေ့လာသိရှိမှုအရ မိခင်ဘာသာစကားကို အခြေခံသော ဘာသာစကားမျိုးစုံ ပညာရေး (MTB-MLE)က တိုင်းရင်းသားကလေးငယ်များ ဘာသာစကား အဆီးအတား ကြောင့်ဖြစ်ပေါ်သည့် သင်ကြားမှုအခက်အခဲများကို ဖြေရှင်းပေးသည့် အသင့်လျော်ဆုံး ချဉ်းကပ်မှုများထဲမှ တစ်ခု ဖြစ်ကြောင်း ပြသနေသည်။
ဒေါ်အယ်လ်ဂျာအောင်လူအတွက် ပထမဆုံး သင်ခန်းစာကို မြန်မာဘာသာဖြင့် သင်ကြားနိုင်သော်လည်း ချင်းပိုဘာသာဖြင့် ထပ်ပြီး ရှင်းပြသေးသည်။ သို့သော် ကျောင်းရှိ ဆရာအားလုံး ချင်းပိုစကား ပြောတတ် မည်မဟုတ်သဖြင့် ယင်းဘာသာစကားဖြင့် ၎င်းတို့ မသင်ကြားနိုင်ပေ။ ထို့ကြောင့် ဒေါ်အယ်လ်ဂျာအောင်လူ၏ အတန်းကနေ တခြားအတန်းသို့ တက်ရသော ကလေးငယ်များမှာ ယင်းအတန်းတွင် ချင်းပိုဖြင့် ဆရာများက မသင်ကြားသည့်အခါ “ဒီအတန်းပြီးတော့ ကျောင်းပျက်တာတွေ ပိုများလာတယ်။ နားမလည်တော့ သူတို့ မတက်ချင်ကြတော့ဘူး” ဟု ဒေါ်လူက ပြောသည်။
ဒေါ်လူ၏ ပြောစကားအရ ဘာသာစကားမူဝါဒက အရာရာကို ပြောင်းလဲနိုင်လိမ့်မည်ဖြစ်သည်။
ဦးခမ်းလိန်၊ ကချင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/ဒီရေဒရီနော့တန် |
“ကချင်ပြည်နယ်ရဲ့ ပညာရေးဌာနက ပြည်နယ်ဘာသာစကားမူဝါဒအပေါ် တရားဝင်အသိအမှတ်ပြုမှု ပေးဖို့ လိုပါတယ်။ ကလေးငယ်များရဲ့ ပညာသင်ကြားခွင့် အခွင့်အရေးနဲ့ ပတ်သက်ပြီး အထက်က ဆုံးဖြတ်ချက်လည်း လိုတယ်။ ဒါပေမဲ့ လက်တွေ့သိမြင်ဖို့အတွက်က သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းအုပ်တွေရဲ့ အမြင်ကလည်း အဓိကအရေးပါပါတယ်” ဟု ၎င်းက ဆိုသည်။
ကချင်ပြည်နယ်တွင် ယူနီဆက်ဖ်က ပြုလုပ်ပေးသည့် ဘာသာစကား ဆွေးနွေးခြင်း အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ဒေါ်လူက နှစ်ကြိမ် တက်ရောက်ခဲ့သည်။ ယခင်တုန်းက ၎င်းမှာ ငြိမ်းချမ်းရေး၊ လူထုစည်းလုံးညီညွတ်မှုနှင့် ပညာရေးကြား ဆက်စပ်မှုကို ရှင်းလင်းစွာ နားမလည်ခဲ့ပေ။ အဆိုပါ ဆွေးနွေးပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများမှတစ်ဆင့် မိခင်ဘာသာစကားကို အခြေခံသော ဘာသာမျိုးစုံ ပညာရေး (MTB-MLE) ၏ လွန်စွာအရေးပါပုံကို ယခုတော့ ၎င်းမှာ နားလည်ပေပြီ။
“ဘာသာစကားမူဝါဒက ကျောင်းတွေမှာ ဆက်ဆံပြောဆိုခြင်းကို ထင်ဟပ်စေမယ်ဆိုရင် ခိုင်မာတဲ့ မူဝါဒဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ စည်းလုံးမှုကိုလည်း အကူအညီပေးလိမ့်မယ်။ ပြည်နယ်အဆင့်မှာ အားကောင်းတဲ့ မူဝါဒတစ်ခု မရှိဘဲနဲ့ နိုင်ငံအဆင့်မှာ အောင်မြင်တဲ့ မူဝါဒကို တည်ဆောက်နိုင်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
နယ်သာလန်အစိုးရနှင့် ယူနီဆက်ဖ်က ရန်ပုံငွေထောက်ပံ့ထားသော ပညာရေးနှင့် မူဝါဒဖြစ်မြောက်ရေး ပရိုဂရမ်မှ တစ်ဆင့် သုံးနှစ် ငြိမ်းချမ်းရေး တည်ဆောက်မှု၏ အထောက်အကူဖြင့် ယူနီဆက်ဖ်က ကချင်နှင့် မွန်ပြည်နယ်များတွင် ဘာသာစကားမူဝါဒများ ပြင်ဆင်ရာတွင် အကူအညီပေးရန် အတွက် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။
ကချင်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးခမ်းလိန်လည်း ဘာသာစကားမူဝါဒ ဆွေးနွေးပွဲတွင် ပါဝင်ပြီး ကလေးအားလုံးအတွက် မိခင်ဘာသာစကားကို အခြေခံသော ဘာသာပေါင်းစုံ ပညာရေး (MTB-MLE) အရေးပါမှုကို ယုံကြည်ပြီး အထူးသဖြင့် ယခုအချိန်အတွက်အကောင်းဆုံး ဖြစ်သည်။
“မြန်မာနိုင်ငံမှာ ဘာသာစကား ၁၃၅ မျိုးရှိတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ဘာသာစကားတွေနဲ့ စာပေ အားလုံး လျစ်လျူရှု ခံထားခဲ့ရတယ်။ အဲဒါတွေ ပျောက်ကွယ်သွားမှာ မလိုလားဘူး။ ဒီဘာသာစကား ပြဿနာကို လက်တွဲဖြေရှင်းဖို့ အချိန်တန်ပြီလို့ ခံစားရလို့ ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော် ပါဝင်ခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားမျိုးစုံ၏ လိုအပ်ချက်များကို ပြည့်မီစေသည့် ပဋိပက္ခကြားဝင်ဖြေရှင်းနိုင်ပြီး ဘာသာစုံ ပညာရေးမူဝါဒ တစ်ခုချမှတ်ရန်နှင့် အိမ်တွင် တခြားဘာသာစကားများပြောသည့် ကလေးငယ်များနှင့် ၎င်းတို့၏ ကျောင်း၌ စွမ်းဆောင်ရည်တို့နှင့် ပတ်သက်သော အချက်အလက်များ ပိုမိုစုဆောင်းရန်အတွက် ပါဝင်ပတ်သက်သူ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရကို ယူနီဆက်ဖ်က မေတ္တာရပ်ခံ ထားသည်။
No comments:
Post a Comment