Thursday, October 6, 2016

အားလုံးအတွက် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း

မာရီယာနာပါလာဗရာ ရေးသားသည



မောင်းတော၊ ရခိုင် - ကိုထွန်းအေးမှာ ဆယ်တန်းစာမေးပွဲကျသော်လည်း စိတ်ဓာတ်မကျခဲ့ပေ။ တခြား ရွေးချယ်စရာ လမ်းရှိသည်ဟု အသက် ၂၁ နှစ်အရွယ် ကိုထွန်းအေးက ဆုံးဖြတ်လိုက်သည်။

“ဆယ်တန်းစာမေးပွဲကို မဖြေသေးဘဲ ခဏရပ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကြားထဲမှာ တခြားသူတွေရဲ့ ကျန်းမာရေးအတွက် ကူညီပေးချင်တယ်။ အဲဒီအချိန်ကတည်းက ကျွန်တော် မောင်းတောဆေးရုံမှာ အလုပ်လုပ်ခဲ့တယ်။ လူနာဝင်ခွင့်နဲ့ ဆေးထိုးခြင်း စီမံရေးကို ကူညီပေးတယ်။ ကျွန်တော့်ရွာမှာတော့ အနာရောဂါ အသေးအဖွဲတွေနဲ့ ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ ဆေးတွေအတွက် ဆောင်ရွက်ပေးတယ်။

ပိုလီယိုဆေးတိုက်ကျွေးရန် မရှမ်း၏အိမ်သို့သွားသော ကိုထွန်းအေးကို တွေ့ရစဉ်။ 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီယာနာပါလာဗရာ 



လွန်ခဲ့တဲ့ ၉ လက စခဲ့သည့် ၎င်း၏အလုပ်အပေါ် အလွန်နှစ်သက်သော ကိုထွန်းအေးမှာ ရပ်ရွာ ကျန်းမာရေးဝန်ထမ်း ဖြစ်လာခဲ့သည်။ ၎င်းအတွက် ကြီးမားသော စမ်းသပ်ခံရမှုမှာ ၂၀၁၆ ခုနှစ်တွင် နိုင်ငံအဆင့် ပိုလီယိုဆေးတိုက်ကျွေးခြင်း အစီအစဉ် ပြုလုပ်ချိန်တွင် ဖြစ်ပေါ်လာခဲ့သည်။ ယင်းအတွက် ပြင်ဆင်ရန် သင်တန်း ၃ ခု တက်ရပြီး နှစ်ခုမှာ ရပ်ရွာနှင့် မြို့နယ်အဆင့်ဖြစ်သည်။ နောက်ဆုံး သင်တန်းတွင် မွတ်စလင်နှင့် ရခိုင်ကျေးရွာများမှ ရပ်ရွာလုပ်အားပေးများအားလုံး ပါဝင်ပြီး မိဘများ၊ အုပ်ထိန်းသူများနှင့်  ဆက်ဆံပြောဆိုရေး၊ ကာကွယ်ဆေးဆိုင်ရာ အချက်အလက်များနှင့် စီမံကွပ်ကွဲမှုအပြင် အချက်အလက်စာရင်းပြုစုခြင်းများအကြောင်းကို အတူတကွ ဆွေးနွေးရသည်။


ယင်း သင်တန်းများပြီးသည့်နောက် ကိုထွန်းအေးမှာ ၎င်း၏ ကန်သာရွာလေးတွင် ပိုလီယိုဆေး တိုက်ကျွေးခြင်းကို ရပ်ရွာမှ စိတ်ဝင်စားစေရန်နှင့် တိုက်ကျွေးခြင်း ဆောင်ရွက်ရန် အဆင်သင့် ဖြစ်သွားပြီ ဖြစ်သည်။
“အစီအစဉ်မစခင်နဲ့ ပြုလုပ်နေစဉ်အတွင်းမှာ ရွာက အိမ်တွေအကုန်လုံးကို သွားတယ်။ ၅နှစ်အထိ ကလေးငယ်တွေ အိမ်မှာမရှိရင် ဘာကြောင့်မရှိတာလဲဆိုတာ မေးမြန်းပြီး ကလေးအားလုံး လိုအပ်တဲ့ ပိုလီယိုဆေး ၃ ကြိမ်စလုံး ရရှိစေဖို့ စောင့်ပြီး လုပ်ပေးတယ်”။


၎င်းမှာ အကြိမ်တိုင်းတွင် ကလေးငယ် အနည်းဆုံး ၁၂ဝ ကို ကာကွယ်ဆေး တိုက်ကျွေးခဲ့သည်။ ကာကွယ်ဆေးလက်ခံမှု အဆင့်များမှာ ကောင်းမွန်သော်လည်း အဆင့်သုံးဆင့်တွင် ကွာခြားမှုကို ကိုထွန်းအေး သတိထားမိသည်။  “ပထမအကြိမ်တုန်းက ကလေးတွေ အိမ်ပြန်ရောက်လာဖို့ကို အတော်လေး စောင့်လိုက်ရတယ်။ ဒုတိယနဲ့ တတိယအကြိမ်သွားတော့ ကလေးတွေက ဆေးသောက်ဖို့ အိမ်မှာ စောင့်နေကြတယ်။ သူတို့တွေ မငိုကြတော့ဘူး။ ဆေးသောက်ဖို့ ပါးစပ်ကို ချက်ချင်းတောင် ဟပေးကြတယ်” ဟု ၎င်းက ပြောပြသည်။


၎င်း၏ ကျေးရွာတွင် ကလေးတစ်ယောက်မှ မကျန်ခဲ့ကြောင်း ကိုထွန်းအေးက ဂုဏ်ယူစွာ ပြောသည်။ ၎င်း၏ အစ်မကလည်း ကူညီပေးသည်။ ကလေးနှစ်ယောက် (၁၅ လသားနှင့် ၄ နှစ်သား) ရှိသော အသက် ၂၆ နှစ်အရွယ် မဦးမြအေးက ပိုလီယိုဆိုတာ ဘာလဲဆိုတာကို အလွတ်ရနေပြီဟု ပြောသည်။ ၎င်းက ပို၍ပြောဆိုခြင်း ဖြစ်နိုင်သော်လည်း ၎င်း၏ အိမ်နီးချင်းများမှာလည်း ကောင်းကောင်း နားလည် သဘောပေါက်လာကြောင်း ပြောကြသည်။ သည့်အပြင် မရှမ်းဆိုသူ၏ ကလေးနှစ်ဦးမှာ ကိုထွန်းအေး၏ ကျေးဇူးဖြင့် ပိုလီယိုဆေး သောက်သုံးပြီးပြီ ဖြစ်သည်။


“ကျွန်မရဲ့ကလေးတွေ အခုရာနှုန်းပြည့် ဆေးသောက်ပြီးတာ အရမ်းကောင်းပါတယ်။ ကျေးရွာ လုပ်အားပေး ရှိနေတာကြောင့် ပိုကောင်းသွားတာပါ။ ရောဂါကာကွယ်မှုအကြောင်းနဲ့ ကလေးတွေ တခြားကို သွားစရာ မလိုဘဲ အိမ်မှာတင် ဆေးသောက်နိုင်ကြောင်း အားလုံးကို သူက ကျွန်မတို့ကို ရှင်းပြနိုင်တယ်လေ” ဟု မရှမ်းက ပြောသည်။
 
အခုဆိုလျှင် မရှမ်းမှာ ကလေးများ၏ ကာကွယ်ဆေးစာအုပ်ကို မကြာခဏဆိုသလို ကြည့်ရှုပြီး ကာကွယ်ဆေးတိုက်ကျွေးခြင်း တစ်ခုမှ မကျန်အောင် စစ်ဆေးသည်။


“နောက်ထပ် အဲဒါမျိုး မဖြစ်တော့ပါဘူး” ဟု ၎င်းက အခိုင်အမာ ပြောသည်။



နိုင်ငံအဆင့် ကာကွယ်ဆေးတိုက်ကျွေးခြင်း



၂၀၁၅ ခုနှစ်တွင် မောင်းတောမြို့၌ ကလေးငယ်နှစ်ဦး ပိုလီယိုရောဂါ ကူးစက်ကြောင်း တွေ့ရှိပြီးနောက် နိုင်ငံအဆင့်ကာကွယ်ဆေး တိုက်ကျွေးခြင်းအစီအစဉ် ဆောင်ရွက်ရန် ယူနီဆက်ဖ်နှင့် WHO က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပံ့ပိုးကူညီပေးခဲ့သည်။



“ဒီလို ဖြစ်ရပ်မျိုးတွေက ကာကွယ်ဆေးတိုက်ကျွေးခြင်း လွှမ်းခြုံနိုင်မှု နိမ့်ကျခြင်း ရလဒ်ကြောင့် ဖြစ်ပေါ် လာတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် ပြီးခဲ့တဲ့ နှစ်တွေအတွင်းက ၈၀ ရာခိုင်နှုန်းအောက်မှာ ရှိတယ်။ တကယ်တော့ ဒီပြည်နယ်အတွင်းက တချို့ မြို့နယ်တွေမှာဆိုရင် လွှမ်းခြုံနိုင်မှုက တော်တော်လေး နည်းပါတယ်။ ကလေး ၁၀ ယောက်မှာ ၃ ယောက်လောက်ပဲ ပိုလီယိုဆေး သုံးကြိမ်စလုံး သောက်သုံး ခဲ့ကြတယ်။ ဒါဟာ ရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိပါတယ်” ဟု ယူနီဆက်ဖ်မြန်မာ ကာကွယ်ဆေးပညာရှင် ဒန်နီရယ်ညမ်မီရာက ပြောသည်။



ကာကွယ်ဆေး တိုက်ကျွေးခြင်း ဝန်ဆောင်မှုများ၊ အထူးသဖြင့် ရောက်ရှိရန် ခက်ခဲသော ဒေသများတွင် ပုံမှန်ပြုလုပ်ရခြင်းမှာ မြန်မာ့ကျန်းမာရေးစနစ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ယင်းအတွက်ကြောင့် ကလေးငယ်များမှာ ပိုလီယိုရောဂါအတွက် အကာအကွယ် နည်းပါးခြင်း ဖြစ်သည်။



မွတ်စလင်လူမျိး အများစုနေထိုင်သော မောင်းတောမြို့တွင် ဘာသာစကားနှင့် ယဉ်ကျေးမှု အတားအဆီး များလည်းရှိသဖြင့် ရပ်ရွာနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လုပ်အားပေးများကြား ပိုပြီး အလှမ်းဝေးစေသည်။ ၂၀၁၂ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဒေသတွင်းပဋိပက္ခကလည်း ရပ်ရွာများသို့ ဝင်ရောက်ရန် ပိုမိုခက်ခဲစေသည့်အတွက် ယင်းရပ်ရွာများရှိ ကလေးငယ်များ အားလုံးအတွက် ပိုလီယိုရောဂါအန္တရာယ်က ပိုမိုကြီးမားသွားခဲ့သည်။



ပိုလီယိုရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၁၆ ခုနှစ် ကာကွယ်ဆေးတိုက်ကျွေးရေး အစီအစဉ်ကို အသက် ၅ နှစ်အောက် ကလေးငယ် ၄.၆ သန်းအတွက် ရည်မှန်းကာ မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ စလုံးတွင် ပြုလုပ် ခဲ့သည်။



“တစ်နှစ်လုံး ယူနီဆက်ဖ်က ကာကွယ်ဆေးတိုက်ကျွေးခြင်းနဲ့ ရာသီဥတုဒဏ်ခံနိုင်တဲ့ အအေးစနစ်ကို တစ်နိုင်ငံလုံး အပြည့်အဝဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်နေတယ်။ အရည်အသွေးမီတဲ့ ကာကွယ်ဆေး ထိုးခြင်း ဝန်ဆောင်မှုတွေ ရရှိစေပြီး ရခိုင်၊ ချင်း၊ ကယား၊ ကချင်နဲ့ ရှမ်းပြည်နယ် နယ်စပ်အပါအဝင် ကလေးငယ်တွေ အားလုံး ပိုလီယိုဆေး သောက်သုံးဖြစ်အောင် ပြုလုပ်တယ်” ဟု ဒန်နီရယ်က ရှင်းပြသည်။ 



ရခိုင်ရှိ ကလေးအားလုံးကို ရောက်ရှိစေခြင်း


မောင်းတောမြို့ရှိ မွတ်စလင်ကျေးရွာတစ်ရွာမှ ရပ်ရွာကျန်းမာရေးလုပ်အားပေးဖြစ်သော အသက် ၄၁ နှစ် အရွယ် ကိုတင်အောင်စိုးမှာ ပိုလီယိုရောဂါ ဖြစ်ပွားသည်ဟု ကြားလိုက်ရစဉ် အရမ်း စိုးရိမ်သွားခဲ့သည်။


“ငါ့ရွာမှာ ဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ ချက်ချင်းတွေးမိတယ်။ ဒါကြောင့် နိုင်ငံအဆင့် ပိုလီယို တိုက်ကျွေးခြင်း အစီအစဉ်တွေမှာပါဖို့ စိတ်အားထက်သန်ခဲ့တယ်။ ၂၀၁၆ခုနှစ်မှာ ပြုလုပ်တဲ့ အစီအစဉ် ၅ခု စလုံးမှာ ကျွန်တော် ပါဝင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။



အကြိမ်တိုင်းတွင် ၎င်းမှာ ကလေး ၁၆၀ ကျော်ကို ကာကွယ်ဆေး တိုက်ကျွေးရသည်။ သို့သော် အစပိုင်း တွင် အရေအတွက် ထိမ်ချန်မှုရှိသဖြင့် ကျန်းမာရေးဝန်ထမ်းများ အခက်ကြုံခဲ့ရသည်။


“အစပိုင်းမှာ မိခင်တွေနဲ့ မိန်းကလေးတွေက ကာကွယ်ဆေးတိုက်ဖို့ကို တွန့်ဆုတ်နေကြတယ်။ တစ်ခါ တလေမှာ အုပ်ထိန်းသူတွေက သူတို့ကလေးတွေကို ကာကွယ်ဆေး မတိုက်ဖို့တောင် တားမြစ်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ လက်ခံလာကြပါတယ်” ဟု ကိုတင်အောင်စိုးက ရှင်းပြသည်။


ကာကွယ်ဆေးတိုက်ကျွေးခြင်း အစီအစဉ်များ ပြုလုပ်နေစဉ်အတွင်း  ကျေးရွာ၏ ကူညီဆောင်ရွက်မှုလည်း ရှိခဲ့သည်။ ကျေးရွာခေါင်းဆောင်များက ပိုလီယိုတိုက်ကျွေးမှု အစီအစဉ်များကို သတိပြုမိစေရန် မိဘများကို တိုက်တွန်းပြောကြားရာတွင် ကျန်းမာရေး လုပ်အားပေးများကို ကူညီခဲ့သည်။ ထို့အပြင် ဘာသာရေး ခေါင်းဆောင်များ ကြီးမှူးပြီး ရပ်ရွာအစည်းအဝေးများ ပြုလုပ်ကာ သတင်းအချက်အလက်များနှင့် သိသင့်သိထိုက် သည်များကို မျှဝေပေးသည်။ တစ်အိမ်တက်ဆင်း သွားရောက်ခြင်း၊ တွေ့ဆုံ ဆွေနွေးခြင်းဖြင့် ယုံကြည်မှု တည်ဆောက်ကာ ကာကွယ်ဆေးတိုက်ကျွေးမှု အစီအစဉ် လွှမ်းခြုံနိုင်မှုကို တိုးတက်စေသည်။


တကယ်တော့ ကိုတင်အောင်စိုးမှာ ဝါရင့် လုပ်အားပေးတစ်ဦးဖြစ်သည်။ ပြီးခဲ့သည့် ၂၂ နှစ် လုံးလုံး ရပ်ရွာကျန်းမာရေး လုပ်အားပေးအဖြစ် ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။ အဓိကအားဖြင့် လစဉ် ကာကွယ် ဆေးထိုး/တိုက်ကျွေးသည့် သီတင်းပတ်များတွင် သားဖွားဆရာမများကို ကူညီပေးသည်။ ၎င်းမှာ ယင်း အလုပ်ကို စတင် လုပ်ခဲ့သည့်အချိန်ကလိုပင် ယခုထိ နှစ်သက်နေတုန်း ဖြစ်သည်။


“ကလေးတွေက ခုခံအားနည်းတော့ သူတို့ကို ကာကွယ်ပေးချင်တယ်။ ကာကွယ်ဆေးထိုး/ တိုက်ကျွေး ခြင်းက အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ ရပ်ရွာသတိပြုမှု မြင့်မားစေခြင်းနဲ့ ကာကွယ် ဆေးထိုး/ တိုက်ကျွေးခြင်း ကနေတစ်ဆင့် လူတွေရဲ့ဘဝတွေကို ကျွန်တော် ကူညီနိုင်တယ်။ ကျွန်တော်က ကလေး တွေကို ကာကွယ်ပေးသူတွေ အများကြီးထဲကမှ အုပ်တစ်ချပ်၊ သဲတစ်ပွင့် အနေနဲ့ပဲ ပါဝင်နိုင်တာပါ။ ဒါပေမဲ့ ဒီအတွက် ကျွန်တော် ဂုဏ်ယူတယ်” ဟု ၎င်းက ဆိုသည်။


ကိုထွန်းအေးမှာ ကိုတင်အောင်စိုးကဲ့သို့ အတွေ့အကြုံမရှိသော်ငြား အလားတူ ဂုဏ်ယူမှုမျိုးကို ခံစားရသူ ဖြစ်သည်။



မောင်းတောကျန်းမာရေးစင်တာတွင် ကာကွယ်ဆေးထိုးခြင်းလွှမ်းခြုံနိုင်မှု နောက်ဆုံးအချက်အလက်များကို ဆွေးနွေးနေသော ကိုတင်အောင်စိုးနှင့် ကိုထွန်းအေး။ 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မာရီယာနာပါလာဗရာ 
“ရပ်ရွာအတွင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကို ပါဝင်ပြုလုပ်ရတယ်လို့ ခံစားမိပါတယ်။ အရင်ကထက် အများကြီး လူချစ်လူခင်များလာတယ်လို့ ခံစားရတယ်။ ဒီအစီအစဉ်မရှိခင်က လူတွေက ကျွန်တော့်ကို နှုတ်တောင် မဆက်ကြဘူး။ အခုတော့ လူတိုင်းက ကျွန်တော့်ကို နှုတ်ဆက်နေကြပြီ” ဟု ၎င်းက အားရပါးရ ရယ်မောရင်း ပြောသည်။


ပိုလီယိုတိုက်ကျွေးခြင်းအစီအစဉ်က ၎င်း၏ အိပ်မက်များကို ပြောင်းလဲစေခဲ့သည်။ ယခုအခါ ၎င်းမှာ မြို့နယ် ဆေးရုံတွင် သူနာပြုဖြစ်လာရန် ကြိုးစားသင်ယူ လိုစိတ်ရှိနေပြီ ဖြစ်သည်။


ပြီးပါပြီ။


No comments:

Post a Comment