Monday, July 13, 2015

စက္ကန့်သုံးဆယ်အတွင်း လက်ဆေးသင်ကြမယ်

ရေးသူ-မာရီယာနာ ပါလက်ဗ်ရာ
 
©UNICEF Myanmar/2015/Mariana Palavra
မျိုးဂျာတစ်ယောက် သူမ ကြားခဲ့ဖူးသော ဗုံးသံ၊ သေနတ်သံများ အပြန်အလှန် ပစ်ခတ်မှုကြားက အကြောက်တရားတို့ကို ဘယ်တော့မှ မေ့လိမ့်မယ် မဟုတ်ပါ။ သူမ ဆယ်နှစ်သမီး အရွယ် ၂၀၁၁ ခုနှစ်က အစိုးရတပ်များနှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲများ နမ်ဆိုင် ရွာရှိ သူမ၏ အိမ်တံခါးဝသို့ ရောက်ရှိလာခဲ့ပါသည်။

မိသားစုအားလုံးလိုလို ထိုနေရာမှ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြသည်။ သူမတွင် ကိုယ်ပိုင်မိသားစု မရှိတော့ခြင်းကလွဲ၍ သူမ၏ဇာတ်လမ်းမှာ ထူးထူးခြားခြား ကွဲပြားခြင်းမရှိပါ။ “အဖေက ဆုံးသွားတာ နှစ်တော်တော်ကြာပြီ၊ အမေကလည်း နောက်အိမ်ထောင်ပြုတယ်၊ ဒါပေမယ့် သူလည်းဆုံးသွားပြီ” ဟု သတိတရ ပြောပြပါသည်။ “ကျွန်မ ပထွေးနဲ့အတူ ထွက်ပြေးခဲ့ရတယ်၊ ကျွန်မတို့ လုံခြုံစိတ်ချရတဲ့ နေရာအထိ ရောက်အောင် နှစ်ရက်လောက် လမ်းလျှောက်ခဲ့ရတယ်” ဟု ပြောပြသည်။

ငါးကီလိုမီတာ ခရီးအကွာအဝေးဖြစ်သော်လည်း နမ်ဆိုင်ရွာနှင့် မိုးမောက်မြို့နယ်အကြား လူပေါင်း ရာဂဏန်းမျှ လုံခြုံစိတ်ချစွာ နေနိုင်သော နေရာသို့ ရောက်အောင် နှစ်ရက်ကြာမျှ လမ်းလျှောက်ကြရသည်။
ထိုအချိန်မှစ၍ မျိုးဂျာသည် မိုးမောက်ရှိ ကချင်ဘက်ပ်တစ်ဘုရားကျောင်းဝင်းရှိ စခန်းတွင် နေထိုင်ခဲ့ရသည်။ ထိုစခန်းသည် လက်နက်ကိုင်ပဋိပက္ခကြောင့် ပေါ်ပေါက်လာရသည့် ပြည်တွင်းရွှေ့ပြောင်း နေထိုင်ရသူများ ခေတ္တ အခြေချ နေထိုင်ရသော အစောပိုင်းကာလ စခန်းများမှ တစ်ခုဖြစ်သည်။

“၂၀၁၁၊ ဂျူလိုင်လ ကတည်းက စပြီး ရွှေ့ပြောင်းမိသားစု အတော်များများ ဘုရားကျောင်းဝင်းထဲ ရောက်ရှိလာကြတယ်၊ ဒီနေရာလေးက ဒေသအတွင်းမှာတော့ ပထမဆုံးစခန်းဖြစ်ပါတယ်” ဟု KBC ၏ သင်းအုပ်ဆရာလည်းဖြစ်၊ စခန်းမန်နေဂျာလည်းဖြစ်သူ ဆရာစိုင်းအောင်မှ ရှင်းပြသည်။ “ဒီကနေ့ အနေအထား အရ လူပေါင်း ၇၃၀ လောက် ဒီစခန်းမှာ နေထိုင်နေကြပါတယ်၊ ဒါပေမယ့် တစ်နေ့တစ်ခြား များပြားလာတဲ့ စစ်ပြေးစစ်ရှောင် လူဦးရေကြောင့် KBC အနေနဲ့ စုစုပေါင်း စခန်းငါးခုအထိ ဖွင့်လှစ် ခဲ့ရပြီးတော့ လူပေါင်း ထောင့်ရှစ်ရာကျော် နေထိုင်နေပါတယ်” ဟု ပြောပါသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးစစ်ရှောင် စခန်းများတွင် သန့်ရှင်းသော ရေရရှိရေး၊ အိမ်သာနှင့် အညစ်အကြေး စနစ်တကျ စွန့်ပစ်ရေး၊ တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး စသည့် အခန်းကဏ္ဍများတိုးတက်စေရန်အတွက် ယူနီဆက်သည် ဒေသခံ NGO တစ်ခုဖြစ်သည့် မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် အတူတကွ လက်တွဲ ဆောင်ရွက်နေပါသည်။ ထိုအဖွဲ့၏ အမည်မှာ “ချစ်ခြင်းတရားနှင့် ကြင်နာမှု” ဟု အနက်အဓိပါယ် ရှိပါသည်။
 
ဂျပန်အစိုးရ၏ ဘဏ္ဍာရေး အကူအညီဖြင့် အစိုးရနှင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့ အသီးသီးက ထိန်းချုပ်ထားသော ဘက်နှစ်ခုလုံးရှိ စစ်ပြေးစစ်ရှောင်စခန်း ဆယ့်ငါးခုမှ ရွှေ့ပြောင်းနေထိုင်သူပေါင်း ၃၄၀၀ ကျော်တို့အတွက် ရေအရင်းအမြစ် တိုးတက် ရရှိစေခြင်းနှင့် အိမ်သာများ ဆောက်လုပ်ပေးခြင်း၊ ကောင်းမွန်သော တစ်ကိုယ်ရည် သန့်ရှင်းရေး အလေ့အထများကို သိရှိနားလည်စေရန် လုပ်ဆောင်ပေး လျက်ရှိပါသည်။
 
©UNICEF Myanmar/2015/Mariana Palavra
“ခြောက်လတာကာလအတွင်း စခန်းအားလုံးမှာ ရေအရည်အသွေး စစ်ဆေးခြင်းကို ပုံမှန် လုပ်ဆောင်မှု တစ်ရပ် အနေဖြင့် လုပ်ဆောင်ပေးခဲ့ပါတယ်၊ ကာလတို တာရှည်ခံ အိမ်သာ ၉၈ လုံး၊ အ၀တ်လျှော် ရေးချိုးရန် နေရာပေါင်း ၂၀ ခု ၊ လက်ဆေးရန်နေရာပေါင်း ၃၃ ခု နှင့် ရေဆိုး စွန့်ပစ်ရန် နေရာပေါင်း ၂၀ တို့ကို တည်ဆောက်ပေးခဲ့ပါတယ်” ဟု မေတ္တာအဖွဲ့မှ စီမံချက်ညှိုနှိုင်းရေးမှူး မခိုင်ဂျာမှ ရှင်းပြပါသည်။ ထို့အပြင် စစ်ပြေးစစ်ရှောင် လူဦးရေ ၉၀၀၀ ကျော် အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများကိုလည်း တစ်ကိုယ်ရည် သန့်ရှင်းမှု မြှင့်တင်ရေးသင်တန်းများတွင် ပူးတွဲ၍ ဖြန့်ဝေပေးခဲ့ပါသည်။
သူမ၏စခန်းတွင် ပြုလုပ်သော တစ်ကိုယ်ရည် နှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု သင်တန်းတိုင်းတွင် မျိုးဂျာသည် ပုံမှန် တက်ရောက်လေ့ရှိသော သူတစ်ဦး ဖြစ်ပါသည်။ “ကျွန်မကတော့ သင်သမျှ အကြောင်းအရာတွေကို အရမ်းသဘောကျတယ်၊ အထူးသဖြင့် ကျန်းမာရေးနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို သင်ရတာမျိုးပေါ့” ဟု ဂုဏ်ယူစွာ ပြောပြပါသည်။ သူမသည် ထိုသင်ကြားမှု သင်တန်းများတွင် ပျော်ရွှင်ရုံ သာမက သူမသင်ကြားခဲ့ရသည့် အကြောင်းအရာများကိုလည်း စခန်းအတွင်းရှိ ပိုမိုငယ်ရွယ်သော ကလေးများကို ပြန်လည်မျှဝေလေ့ရှိသည်။ “တစ်ခါတစ်လေ သူတို့တွေက အိမ်သာတက်ပြီးရင် လက်မဆေးကြဘူး၊ အဲ့ဒါဆို ကျွန်မကသူတို့ကို သတိပေးတယ်၊ လက်ကို ဘယ်လိုဆေးရမလဲ ဆိုတာ သူတို့ကိုသင်ပေးတယ်” ဟု ပြန်ပြောပြသည်။ တစ်ကယ်လည်း မျိုးဂျာသည် စက္ကန့်သုံးဆယ် အချိန်ကာလ အတွင်း လက်ဆေးနည်း သီချင်းကိုဆို၍ လက်ဆေးပုံဆေးနည်းကို အမူအရာများဖြင့် မည်ကဲ့သို့ ကောင်းမွန်စွာ ဆေးကြော သန့်ရှင်းရမည်ကို ရှင်းလင်းပြနိုင်ပါသည်။

ကချင်ပြည်နယ်ရှိ ယူနီဆက်နှင့် မေတ္တာဖေါင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှု စီမံချက်၏ အဓိကကျသော ရည်မှန်းချက် တစ်ရပ်မှာ ငါးနှစ်အောက် ကလေးငယ်များတွင် ရေနှင့် စွန့်ပစ် အညစ်အကြေးကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများ ဖြစ်ပွားမှု လျှော့ချရေးပင် ဖြစ်ပါသည်။ ဗဟုသုတ အသိတရား၊ စိတ်နေစိတ်ထားနှင့် အမူအကျင့်ဆိုင်ရာ (KAP) ဆန်းစစ်ချက်ကို မပြုလုပ်ရသေးသော်လည်း ထင်သာမြင်သာရှိသော ရလဒ်ကောင်းများ မြင်တွေ့နေရပြီ ဖြစ်ပါသည်။

“စခန်းမှာရှိတဲ့ စစ်ပြေးစစ်ရှောင် မိသားစုဝင်တွေအားလုံး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတ ရှိနေကြပါတယ်။ စခန်းမှာရှိတဲ့ ကလေးတွေကလည်း လက်ကို ဘယ်လို ဆေးရမလဲဆိုတာ လွယ်လွယ် ကူကူ ရှင်းပြနိုင်တဲ့ အခြေအနေရှိပါပြီ” ဟု မေတ္တာအဖွဲ့မှ မခိုင်ဂျာက ရှင်းပြပါသည်။ “ စခန်းတွေ စတင်ဖွင့်လှစ်စ ကာလတုန်းကတော့ ၀မ်းပျက်ဝမ်းလျှော ပြဿနာတွေ အများကြီး ရှိခဲ့ပါတယ်၊ အခုအချိန်မှာတော့ အရေပြားရောဂါနှင့် ရေကနေတစ်ဆင့်ဖြစ်ပွားတတ်သော ရောဂါများ ဖြစ်ပွားမှု အလွန်နည်းပါးသွားပါပြီ” ဟု သူမကသုံးသပ်ပါသည်။

 “တစ်ချို့ စခန်းတွေမှာ တွေ့လေရာနေရာ အဆင်ပြေသလို မစင်စွန့်သော အကျင့် ရှိခဲ့ပါတယ်၊ ဒါကလည်း သူတို့ရွာဓလေ့တွေ ပါလာခဲ့တာပါ၊ အခုတော့ ခင်ဗျားတို့ ဒါမျိုးမတွေ့ရတော့ပါဘူး” ဟု KBCမှ သင်းအုပ်ဆရာနှင့် စခန်းမန်နေဂျာ ဆရာစိုင်းအောင်က ပြောပြပါသည်။ “ သူတို့ အိမ်သာတွေကို ဘယ်လို သုံးမယ်၊ ဘယ်လိုသန့်ရှင်းမယ် ဆိုတာကို သိရှိသွားကြပြီးတော့ သူတို့ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အမူအကျင့်တွေလည်း ပြောင်းလည်းသွားကြပါပြီ” ဟုလည်း သူကပြောပြပါသည်။

ယနေ့ အချိန်တွင်မှာတော့ မျိုးဂျာသည် ဆယ့်လေးနှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း အိမ်ပြန်ရန် စိုးရွံ့စိတ်ရှိနေဆဲ ဖြစ်ပါသည်။ သို့သော် သူမ၏ အနာဂါတ် အတွက်မူ ကြောက်ရွံ့စိတ်ပူနေခြင်း မရှိတော့ပါ။ သူမသည် အထူးသဖြင့် အင်္ဂလိပ်စာအပါအ၀င် ကျောင်းသင်ခန်းစာ များကို ကြိုးကြိုးစားစား သင်ယူနေပါသည်။ “တစ်ကယ်လို့သာ အင်္ဂလိပ်လို ပြောတတ်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ တခြားနိုင်ငံတွေကို ကျွန်မ သွားလည်နိုင်ပြီပေါ့” ဟု ပြောပါသည်။ အင်္ဂလိပ်ဘာသာ စကားသည် သူမအတွက် သူမ၏ အခြားသောအိပ်မက် တစ်ခုကိုလည်း ပြည့်စုံစေရန် အသုံးဝင်ပါလိမ့်မည်။ “ကျွန်မက အဆိုတော် တစ်ယောက်လည်း ဖြစ်ချင်တယ်၊ အင်္ဂလိပ် သီချင်းတွေလည်း ခဏခဏ နားထောင်တယ်၊ ဂျက်စတင်ဘီဘာရဲ့ သီချင်းတွေကို ကြိုက်တယ်၊ သူ့သီချင်းတွေက ဆိုလို့လည်း ကောင်းတယ်၊ ကလို့လည်း ကောင်းတယ်” ဟု ရှက်သွေးဖြာသော အပြုံးဖြင့် ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသည်။
 

No comments:

Post a Comment