ရှေးဦးအရွယ်ကလေးသူငယ်ဘဝ ပညာရေး
တင်ထက်ပိုင်
ဝေးလံပြီးသီးသန့်တည်ရှိရာ ချင်းပြည်နယ်မြောက်ဖျားက ထူထပ်လှတဲ့ တိမ်စိုင်တိမ်လိပ်တွေနဲ့ မြင့်မားမတ်စောက်လှတဲ့ တောင်တန်းတွေကြားမှာ ဒေသခံဘာသာစကားအမျိုးအမျိုး ပြောဆိုကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၅၀ ကျော်နေထိုင်ကြပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အဓိကစာသင်ကျောင်းသင်ရိုးကို နိုင်ငံရဲ့ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာဘာသာ(ဗမာ)နဲ့ သင်ကြားကြပါတယ်။ မကြာသေးမီကာလအထိ တိုင်းရင်းဘာသာစကားနဲ့ သင်ကြားခြင်းကို ခွင့်မပြုခဲ့ကြပါဘူး။ သို့သော်လည်း ဒီနေ့မှာတော့ မြန်မာနိုင်ငံတစ်ဝန်းက ပညာရေးကဏ္ဍမှာ ဒေသသုံးဘာသာစကားတွေကို အသုံးပြုခြင်းဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာခဲ့ပါပြီ။
![]() |
| ©UNICEF Myanmar/2019/Minzayar Oo |
“ကျွန်မတို့ငယ်ငယ်က ကျွန်မတို့အတန်းဖော်တော်တော်များများဟာ ဘာသာစကားအခက်အခဲကြောင့် မူလတန်းကျောင်းပြီးတာနဲ့ ကျောင်းထွက်ကုန်ကြတယ်။ သူတို့က မြန်မာဘာသာနဲ့သင်တဲ့ဘာသာရပ်တွေကို နားမလည်ကြဘူး” လို့ ဇိုလူမျိုးတို့ အများအားဖြင့် တီးတိန်ဘာသာစကားပြောဆိုကြတဲ့ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် နိန်ဇာမန်က ရှင်းပြပါတယ်။



