Thursday, January 16, 2020

ချင်းပြည်နယ်ရှိ သင်ကြားရေးမှာ မိခင်ဘာသာစကားက အထောက်အကူပြု


ရှေးဦးအရွယ်ကလေးသူငယ်ဘဝ ပညာရေး
တင်ထက်ပိုင်

ဝေးလံပြီးသီးသန့်တည်ရှိရာ ချင်းပြည်နယ်မြောက်ဖျားက ထူထပ်လှတဲ့ တိမ်စိုင်တိမ်လိပ်တွေနဲ့ မြင့်မားမတ်စောက်လှတဲ့ တောင်တန်းတွေကြားမှာ ဒေသခံဘာသာစကားအမျိုးအမျိုး ပြောဆိုကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၅၀ ကျော်နေထိုင်ကြပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အဓိကစာသင်ကျောင်းသင်ရိုးကို နိုင်ငံရဲ့ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာဘာသာ(ဗမာ)နဲ့ သင်ကြားကြပါတယ်။ မကြာသေးမီကာလအထိ တိုင်းရင်းဘာသာစကားနဲ့ သင်ကြားခြင်းကို ခွင့်မပြုခဲ့ကြပါဘူး။ သို့သော်လည်း ဒီနေ့မှာတော့ မြန်မာနိုင်ငံတစ်ဝန်းက ပညာရေးကဏ္ဍမှာ ဒေသသုံးဘာသာစကားတွေကို အသုံးပြုခြင်းဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာခဲ့ပါပြီ။
©UNICEF Myanmar/2019/Minzayar Oo

“ကျွန်မတို့ငယ်ငယ်က ကျွန်မတို့အတန်းဖော်တော်တော်များများဟာ ဘာသာစကားအခက်အခဲကြောင့် မူလတန်းကျောင်းပြီးတာနဲ့ ကျောင်းထွက်ကုန်ကြတယ်။ သူတို့က မြန်မာဘာသာနဲ့သင်တဲ့ဘာသာရပ်တွေကို နားမလည်ကြဘူး” လို့ ဇိုလူမျိုးတို့ အများအားဖြင့် တီးတိန်ဘာသာစကားပြောဆိုကြတဲ့ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် နိန်ဇာမန်က ရှင်းပြပါတယ်။



လွန်ခဲ့တဲ့ ခြောက်နှစ် ဆိုင်းဇန်အထက်တန်းကျောင်းမှာ နိန်ဇာမန်ဆရာမ စဖြစ်လာချိန်မှာ သူမက ဒေသသုံးဘာသာစကား ပြောတဲ့အတွက် သူမရဲ့ကျောင်းသားတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့တယ်ဆိုတာ နားလည်သဘောပေါက်ခဲ့ပါတယ်။
 “အယူအဆတွေနဲ့ အချက်အလက်တွေကို ဆွေးနွေးရှင်းပြတဲ့အခါ ဒေသသုံးဘာသာစကားကို အသုံးပြုတဲ့အတွက် မြန်မာဘာသာနဲ့ရေးထားတဲ့ သင်ခန်းစာတွေကို ကျောင်းသားတွေနားလည်လာပါတယ်” လို့ ဆရာမနိန်ဇာမန်က ဆိုပါတယ်။

©UNICEF Myanmar/2019/Minzayar Oo

မိခင်ဘာသာစကားနဲ့သင်တဲ့ မူလတန်းကျောင်းကိုတက်ရောက်ခဲ့ရတဲ့ ကလေးတွေဟာ အလယ်တန်းမှာ ကျောင်းထွက်နှုန်း ပိုနည်းတယ်လို့ သုတေသနရလဒ်တွေက အကြံပြုထားပါတယ်။ “တချို့မြန်မာစကားလုံးတွေနဲ့ အခေါ်အဝေါ်တွေကို ဒေသသုံး ချင်းဘာသာကို တိတိကျကျဘာသာပြန်ဆိုဖို့ အခက်အခဲရှိတယ်” လို့ ကျေးရွာလူထုရဲ့ ငါးပုံတစ်ပုံခန့်ရှိတဲ့ ကျောင်းသားပေါင်း ၅၃၅ ဦးရောက်တက်ရောက်ရာ ဆိုင်းဇန်အထက်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး Uk Cung ကရှင်းပြပါတယ်။

“တစ်ခါတလေ ကျောင်းဆရာ၊ ဆရာမတွေဟာ ကလေးတွေကို အဓိပ္ပါယ်ရှင်းပြဖို့အတွက် ချင်းဘာသာရဲ့ဆက်စပ်နေတဲ့ ဥပမာတွေရှာမတွေ့ဘူး”လို့ ဆရာကြီးကရှင်းပြပါတယ်။ “ပြည်မနဲ့ တိုင်းရင်းသားဒေသတွေကြားမှာ ယဉ်ကျေးမှု၊ ဆက်စပ်အခြေအနေတွေနဲ့ ပထဝီဝင်အနေအထားအရ ကွာခြားချက်တွေရှိတယ်။” ဆရာ၊ ဆရာမတွေအနေနဲ့ မိမိတို့ကျောင်းသားတွေနဲ့ ပိုပြီးထိထိရောက်ရောက် ထိတွေ့ချိတ်ဆက်စေနိုင်အာင် အမျိုးမျိုးသောသင်တန်းနည်းပြအစီအစဉ်တွေ ရေးဆွဲဖို့နဲ့ သင်တန်းပေးဖို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ကို ယူနီဆက်မြန်မာက ပံ့ပိုးပေးနေပါတယ်။

သင်တန်းအစီအစဉ်တွေက ကလေးပျော်ကျောင်း၊ ကျောင်းအခြေပြု ဆရာဖြစ်ပညာပေးသင်တန်း၊ ကျောင်းအုပ်ကြီးသင်တန်း၊ အစောပိုင်းကလေးဘဝ ဖွံ့ဖြိုးရေးသင်တန်း၊ အခြေခံသက်မွေးပညာသင်တန်းနဲ့ ကျောင်းပြင်ပ အခြေခံပညာ ဆရာဖြစ်သင်တန်းကဲ့သို့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးအပေါ်မှာ အလေးပေးထားပါတယ်။ မိခင်ဘာသာစကားက မြန်မာဘာသာမဟုတ်တဲ့ ကလေးတွေအတွက် မြန်မာဘာသာစကားသင်ကြားရေးနဲ့သင်ယူရေးကလည်း ဘာသာစကားအရည်အသွေးမြှင့် အစီအစဉ်မှာ အကျုံးဝင်ပါတယ်။ တိုင်းရင်းသားဒေသများရှိ မူလတန်းအဆင့်တွေအတွက် နောက်ဆုံးအစိုးရသင်ရိုးညွှန်းတမ်းတွေက သက်ဆိုင်ရာတိုင်းရင်းသားပုံပြင်တွေ၊ သီချင်းတွေနဲ့ ရိုးရာဓလေ့တွေကို ရှာဖွေဖော်ထုတ်ပြီး ဒေသသုံးဘာသာစကားနဲ့ ရေးသားထားတဲ့ ဒေသအလိုက် ယဉ်ကျေးမှုနဲ့ဆက်စပ်တဲ့ နေ့စဉ်ကဏ္ဍငယ်တွေကို အသားပေးထားပါတယ်။
အသက် ၂၈ နှစ်အရွယ် ကျိန်လောမန်က ဒီလိုဒေသသုံးတိုင်းရင်းဘာသာစကားတွေနဲ့ ယဉ်ကျေးမှု ဘာသာရပ်ကို ထည့်သွင်းတာက တိုင်းရင်းဘာသာစကားတွေ ရေရှည်တည်တံ့ဖို့သာမကဘဲ စာသင်ခန်းအတွင်း အပြန်အလှန်ဆက်သွယ်မှုတွေနဲ့ သင်ကြားမှုတွေကိုလည်း တိုးတက်စေတယ်လို့ ယုံကြည်ထားပါတယ်။

“ကလေးတွေက ဒေသအလိုက်ယဉ်ကျေးမှုဘာသာရပ်ကို အကြိုက်ဆုံးဖြစ်တဲ့ပုံပဲ။ သူတို့ဖတ်တဲ့စာကို နားလည်ဖို့အတွက် ဘာသာပြန်ဖို့မလိုဘူး” လို့ စိတ်အားထက်သန်စွာသင်ကြားနေတဲ့ ဆရာဖြစ်သူက ပြောပြပါတယ်။ နိုင်ငံတော်ပညာရေး မဟာဗျူဟာမြောက်စီမံကိန်း ၂၀၁၆- ၂၁မှာ ဆရာဖြစ်သင်တန်းနဲ့ သင်ရိုးညွှန်းတမ်းဖန်တီးရာမှာ သိသာတဲ့ပြုပြင်ပြောင်းလဲမှုတွေနဲ့ အဆင့်မြှင့်တင်မှုတွေလုပ်ဖို့ ပါဝင်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တည့်ပြီး သင်ကြားရေးကို အဆင့်မြှင့်တင်ပေးခြင်းဖြင့် ကလေးငယ်တွေအားလုံးအတွက် အရည်အသွေးမီပညာရေးပေးနိုင်ဖို့ ယူနီဆက်မြန်မာက ရည်ရွယ်ပါတယ်။

©UNICEF Myanmar/2019/Minzayar Oo

ကြက်တူရွေးနှုတ်တိုက်စာအံသင်တဲ့ပညာရေးကို ကြုံတွေ့ခဲ့ရတဲ့ နိန်ဇာမန်နဲ့ ကျိန်လောမန်တို့အတွက် စာသင်ကြားခြင်းက အသက်မွေးဝမ်းကျောင်း အလုပ်သက်သက်မဟုတ်ပါဘူး။ သူတို့ကျောင်းသားတွေကို အသိဉာဏ်ဗဟုသုတတွေ သင်ကြားမျှဝေပေးနိုင်ဖို့ သူတို့ကိုယ်တိုင်လည်း ပိုကောင်းတဲ့ပညာရေးတစ်ခုရရှိဖို့ လိုအပ်တယ်ဆိုတာ နားလည်ထားကြပါတယ်။

©UNICEF Myanmar/2019/Minzayar Oo
အားလုံးလက်လှမ်းမီတဲ့ သင်ရိုးညွှန်းတမ်းနဲ့ အရည်အချင်းပြည့်ဝတဲ့ ဆရာတွေရှိမယ်ဆိုရင် ကျောင်းတွေရဲ့ အထက်တန်းကျောင်း ပြီးမြောက်နှုန်း နိမ့်ကျနေတာတွေ မြင့်မားလာမယ်လို့ ယုံကြည်ကြပါတယ်။

လှပသလောက် အလှမ်းဝေးကွာလှတဲ့ ချင်းပြည်နယ်ဟာ တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက် အနိမ့်ဆုံး ဖြစ်ပါတယ်။ ချင်းပြည်နယ်က ကလေးအများစုက အထက်တန်းကျောင်းမပြီးခင် ကျောင်းထွက်ကြတယ်။ ကျောင်းအုပ်ကြီးက ဒါဟာ ကျောင်းသားတွေကြောင့်သက်သက်မဟုတ်ဘဲ သက်ဆိုင်ရာစာအုပ်စာပေတွေရှိတဲ့စာကြည့်တိုက်လို ရင်းမြစ်တွေရှားပါးတာ၊ ဆိုးရွားလှတဲ့လမ်းနဲ့ပို့ဆောင်ရေးအနေအထားတွေ၊ အပြုသဘောဆောင်တဲ့ စံပြပုဂ္ဂိုလ်မရှိတာတွေ၊ အရေးအကြီးဆုံးကတော့ ကျောင်းသားတွေရဲ့ ပတ်ဝန်းကျင်မှာ အဘက်ဘက်ကနေ လုံလောက်တဲ့ ပံ့ပိုးမှုတွေမရှိတာတွေကြောင့်ဖြစ်တယ်လို့ ပြောပြပါတယ်။

“အခုချိန်မှာတော့ ကျောင်းတက်ချင်တဲ့၊ ကျောင်းနေချင်တဲ့ကလေးတွေ ပိုများလာတယ်။ ကျောင်းထွက်နှုန်းပိုနည်းလာတယ်။ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုက အထက်တန်းကျောင်းမပြီးခင်မှာ ကျောင်းသားတွေကို တန်ဖိုးရှိရှိသင်ကြားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ဖြစ်နေအောင် ဆက်ပြီးထိန်းထားနိုင်ဖို့ပါ” လို့ ကျောင်းအုပ်ကြီးကအကြံပြုပြောပြပါတယ်။

No comments:

Post a Comment