Monday, January 27, 2020

ကလေးငယ်များမှ ကလေးငယ်များအကြောင်း ရုပ်ရှင်များရိုက်ကူး

ပညာရေးအတွက် ကလေးများရဲ့ သဘောထားအမြင်များ
Axelle Chazal

အသက် ၁၂ နှစ်အရွယ် ဖြိုးမင်းထွန်းတစ်ယောက် သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။ သူက ရခိုင်ပြည်နယ် တောင်ပိုင်း လင်းသာက သူ့ရဲ့အိမ်လေးကို ခေါ်ဆောင်သွားပြီး ရိုက်ကွင်းကိုပြန်လည်ဖန်တီးပြရင်း ကင်မရာရှေ့မှာ သရုပ်ဆောင်ပြ စကားပြောပြခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးလလောက်ကအထိ ဖြိုးမင်းထွန်းဟာ ဖယောင်းတိုင်မီးနဲ့ပဲ အိမ်စာလုပ်ခဲ့ရတာပါ။ အခုတော့ သူ့အိမ်မှာ လျှပ်စစ်မီးရရှိပြီဆိုတော့ သူ့ဘဝပြောင်းလဲလာခဲ့ပါပြီ။ Enlighted (ဉာဏ်အလင်း) ဆိုတဲ့ သူ့ရဲ့တစ်မိနစ်စာဗီဒီယိုလေးက လျှပ်စစ်မီးသီးတစ်လုံးဟာ ကလေးတစ်ယောက်ရဲ့ဘဝကို ဘယ်လိုကွဲပြားခြားနားသွားအောင် ဖန်တီးပေးခဲ့တယ်၊ ကလေးငယ်ပေါင်း များစွာဟာ ပညာရေးဆုံးခန်းတိုင်ဖို့အတွက် အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်နေရဆဲဖြစ်တယ်ဆိုတာကို ဆင်ခြင်သုံးသပ်နိုင် စေခဲ့ပါတယ်။ ဒီဗီဒီယိုလေးက ရခိုင်ပြည်နယ် သံတွဲမြို့နယ်က နောက်ခံအနေအထား၊ တိုင်းရင်းသား၊ ကိုးကွယ်ရာသာသာမတူညီတဲ့ ကလေးငယ် ၁၉ ဦးရဲ့ ကျောင်းအတွေ့အကြုံတွေကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားငယ် ၁၉ ကားထဲက တစ်ကားပဲဖြစ်ပါတယ်။

©UNICEF Myanmar/2020/Axelle Chazal

One minutes Jr  ပရောဂျက်က ကလေးငယ်တွေရဲ့ သဘောထားအမြင်တွေကို ကြားသိနိုင်အောင်လုပ်ပေးနိုင်ဖို့အတွက် ကမ္ဘာအရပ်ရပ်က လူငယ်တွေကို ဗီဒီယိုအလုပ်ရုံဆွေးနွေးပွဲတွေဆီ ခေါ်ဆောင်ပေးခဲ့ပါတယ်။ တစ်မိနစ်စာဗီဒီယိုတွေက ထိရောက်တဲ့ဖွဲ့စည်းမှုပုံစံတစ်ခုပါ။ တစ်မိနစ်စာအချိန်လေးအတွင်းမှာ အရာအားလုံးဖြစ်သွားနိုင်ပါတယ်။ အကန့်အသတ်ရှိတဲ့ အချိန်ဘောင်က လူငယ်ဒါရိုက်တာလေးတွေကို သူတို့ရဲ့စိတ်ကူးတွေ သေသေချာချာစဉ်းစားစေပါတယ်။ သဘောထားတစ်ခုလား၊ စမ်းသပ်မှုတစ်ခုလား၊ နောက်ခံစကားပြောဇာတ်လမ်းတိုလား ဒါမှမဟုတ် မှတ်တမ်းကားလေးတစ်ကားလား။ ကြည့်ရှုသူ ပရိသတ်တွေအနေနဲ့ One Minutes က ရုပ်ရှင်ကားတွေကို အတွေးပေါင်းများစွာရစေမယ့်ပုံစံမျိုးနဲ့ ကြည့်ရှုခွင့်ရကြပါတယ်[1]။

Korean International Cooperation Agency (KOICA) (ကိုရီးယားနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)ရဲ့ ပံ့ပိုးမှုအပြင် ပညာရေးဝန်ကြီးဌာနနဲ့ ပြည်နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ယူနီဆက်နဲ့ One minutes Jr  နည်းပြ နှစ်ဦးတို့က ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ကလေးငယ်တွေရဲ့ သင်ကြားရေးအတွေ့အကြုံတွေအပေါ် အလေးပေး ဆောင်ရွက်ခဲြ့ကပါတယ်။ နောက်ဆုံးရလဒ်ကတော့ အထင်ကြီးလောက်စရာပါ - မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ အခက်အခဲတွေ၊ ပြည်နယ်သုံးခုက စိတ်ကူးအိပ်မက်တွေအကြောင်း ပုံဖော်ထားတဲ့ တစ်မိနစ်စာ ဗီဒီယိုပေါင်း ၆၀ ရရှိခဲ့ပါတယ်။

©UNICEF Myanmar/2020/Axelle Chazal
ပထမဆုံးနေ့မှာတော့ ကလေးငယ်တွေက ကင်မရာတစ်လုံးကိုသုံးပြီး ကိုယ်တိုင်ရုပ်ရှင်တစ်ကားရိုက်ကူးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ မရေမရာဖြစ်နေကြဟန် ရှိပါတယ်။ ဒါပေမဲ့ အပြန်အလှန်တုံ့ပြန်ဆက်စပ်မှုရှိတဲ့ သီအိုရီပိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ လက်တွေ့လုပ်ဆောင်မှုတွေကြောင့် ကလေးတွေဟာ လျင်လျင်မြန်မြန်ပဲ ယုံကြည်မှုရလာပြီး သူတို့ရဲ့ဖန်တီးနိုင်စွမ်းရှိတဲ့ စိတ်တွေကို ဖွင့်ထုတ်လာခဲ့ကြပါတယ်။ နည်းပညာကို အရင်က တစ်ခါမှအသုံးမပြုဘူးတဲ့ကလေးငယ်တွေ အပါအဝင် ကလေးတွေက နည်းပညာတွေနဲ့ မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးလာခဲ့ကြပါတယ်။ ဥပမာအနေနဲ့ ရခိုင်ပြည်နယ်က ဒီအုပ်စုတစ်စုလုံးမှာမှ ကလေးငယ်တစ်ဦးကသာ မိုဘိုင်းဖုန်းကို အသုံးပြုဖူးခဲ့ပါတယ်။

တတိယမြောက်နေ့မှာ အသက် ၁၁ နှစ်အရွယ် ဦးဆန်းလှိုင်ဟာ ပထမဆုံးနေ့က သူ့ရဲ့ ပုံအချိုးချပုံလက်လေ့ကျင့်ခန်းကို သတိရပြီး သူ့ရုပ်ရှင်အကြောင်းစဉ်းစားနေပါတယ်။ သူ့ဗီဒီယိုလေးက ဘော်ဒါကျောင်းတက်နေစဉ်မှာ သူ့မိသားစုကို သတိရတဲ့အကြောင်း ဖြစ်ပါတယ်။ သူက မိဘတွေနဲ့ တစ်နှစ်မှာနှစ်ခါပဲ ဖုန်းနဲ့စကားပြောခွင့်ရပါတယ်။ သူ့ရဲ့ဗီဒီယိုက သူ့ဖုန်းကို မြင်ရတဲ့အချိန် ပျော်ရွှင်ကျေနပ်နေတဲ့ပုံစံနဲ့ ဘော်ဒါကျောင်းတက်ရတဲ့ စိန်ခေါ်မှုတွေကို ရိုက်ကူးပြထားပါတယ်။



©UNICEF Myanmar/2020/Axelle Chazal
၁၂ နှစ်အရွယ် ဆောင်းနှင်းဖြူလေးတစ်ယောက်ကတော့ ယူနီဆက်ရဲ့ ပံ့ပိုးမှုနဲ့ ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့တဲ့ လင်းသာရှိ ကျောင်းပြင်ပ အခြေခံပညာရေးစင်တာက သူ့အချစ်ဆုံး ဆရာမအကြောင်း ပုံဖော်ထားပါတယ်။ ဒီအစီအစဉ်က ဆောင်းနှင်းဖြူလို ကျောင်းတစ်ခါမှ မနေခဲ့ရဖူးတဲ့ ဒါမှမဟုတ် ကျောင်းထွက်ခဲ့ကြရတဲ့ ကလေးတွေအတွက် အရှိန်မြှင့်သင်ရိုးညွှန်တမ်းတစ်ခုကို နှစ်နှစ်ကြာ သင်ယူပြီးချိန်မှာ အလယ်တန်းကျောင်းတက်ရောက်နိုင်မယ့် ဒုတိယအခွင့်အရေးနဲ့ အလားအလာတွေ ရရှိစေပါတယ်။

©UNICEF Myanmar/2020/Axelle Chazal

ဆောင်းနှင်းဖြူက လာမယ့်နှစ်အတွင်း အနီးဝန်းကျင်ကအစိုးရကျောင်းမှာ ငါးတန်းတက်ရောက်ဖို့ မျှော်မှန်းထားပါတယ်။ သူက သူ့ဆရာမကို သိပ်ချစ်ပြီး သူ့ရုပ်ရှင်ထဲမှာ သရုပ်ဆောင်စေချင်ပါတယ်။


©UNICEF Myanmar/2020/Axelle Chazal

ဟိန်းထက်ဇော်ရဲ့ ရုပ်ရှင်ကတော့ အနိုင်ကျင့်ခြင်းအကြောင်းပါ။ ဇာတ်ကွက်ကို သရုပ်ဆောင်ပြရတာက လက်တွေ့ထက် အများကြီး ပိုလွယ်ပါတယ်။ ဒါပေမဲ့ သူပါးချင်တဲ့သတင်းစကားက ရှင်းရှင်းလေးပါ။ “တခြားကလေးတွေက သားကို အနိုင်ကျင့်တယ်လို့ ဆရာမကိုပြောပြခဲ့တယ်။ ဘာမှပြောင်းလဲမလာခဲ့ဘူး။ ဒါကြောင့် အခုသားဘာလုပ်သင့်လဲ”။ ဒီဗီဒီယိုလေးက လူကြီးတွေနဲ့ ကျောင်းကိုယ်စားလှယ်တွေရဲ့ အာရုံကိုဆွဲခေါ်လိုက်တာပါပဲ။ သူက ရခိုင်ပြည်နယ်မှာရှိတဲ့ကလေးတွေ သူ့ဗီဒီယိုကိုကြည့်ဖြစ်ပြီး အနိုင်ကျင့် ဗိုလ်ကျတာကို တွန်းလှန်နိုင်မယ့် သတ္တိတွေရှိလာစေဖို့ မျှော်လင့်ပါတယ်။

©UNICEF Myanmar/2020/Axelle Chazal

Freedom for the books! (စာအုပ်တွေအတွက် လွပ်လပ်ခွင့်)။ ဒါကတော့ ဖြိုးဝေယံရဲ့ ရုပ်ရှင်ကားနာမည်လေးပါ။ သူက စာအုပ်တွေကိုချစ်တယ်။ သူက သူလိုတဲ့စာအုပ်တွေရှိရာ မြို့စာကြည့်တိုက်ကိုခေါ်မသွားခင် ကျောင်းစာကြည့်တိုက်ရဲ့ ပိတ်ထားတဲ့ တံခါးတွေအကြောင်း အရှည်ကြီးပြောပြခဲ့ပါတယ်။ “ကျွန်တော့်ဆန္ဒကတော့ ကျောင်းစာကြည့်တိုက်ကို ကလေးတွေအားလုံးအတွက် နေ့တိုင်း ဖွင့်ပေးစေချင်တယ်”။

©UNICEF Myanmar/2020/Axelle Chazal

ကျိုက်တော်ရှိ သာသနာပြုဘော်ဒါကျောင်းက အသက် ၁၄နှစ်အရွယ် နှင်းနွယ်ကျော်ရဲ့ အိမ်စာလုပ်ရမယ့်အချိန်ဖြစ်ပါတယ်။ သူက အဆောင်မှာ မိန်းကလေး ၅၀နဲ့အတူနေရပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေရာကျယ်ကျယ်ဝန်းဝန်းလေးရဖို့ တောင့်တနေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုက ကျောင်းဆင်းချိန်နောက်ပိုင်း သူ့ရဲ့နေ့စဉ်ဘဝနဲ့ပျော်ရွှင်မှုရဖို့အတွက် သီချင်းသီဆိုပုံတွေကို ပုံဖော် ရိုက်ကူးထားပါတယ်။


©UNICEF Myanmar/2020/Axelle Chazal

နေရာရဖို့က မင်းခန့်ညီညီရဲ့ ရုပ်ရှင်ထဲမှာလည်း ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။ ကျောင်းဝင်းထဲမှာ စိမ်းစိုနေတဲ့အပင်တွေ အပြည့်ဖြစ်ပေမဲ့ ကျောင်းသား ၈၀၀အတွက် အားကစားလုပ်ဖို့ နေရာမရှိပါဘူး။ မင်းခန့်ညီညီက ဘောလုံးကစားရတာကို ကြိုက်ပါတယ်။

©UNICEF Myanmar/2020/Chris Shuepp

ဗီဒီယိုတိုင်း မိနစ်တိုင်းက လုံးဝကို မတူကြပါဘူး - ရခိုင်ကလေးငယ်တွေရဲ့ ကမ္ဘာကြီးထဲက ပျော်ရွှင်မှုကနေ ဝမ်းနည်းမှုတွေအထိ ပါဝင်တဲ့ ခရီးတစ်ခုဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်ကတော့ အိမ်မှာရင်ဆိုင်နေရတဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဖော်ပြဖို့ သတ္တိတွေရှိနေခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲနောက်ဆုံးနေ့ ဒေသခံအာဏာပိုင်တွေကို မပြမီ နေ့လယ်ခင်းမှာ ကလေးတွေဟာ စိတ်လှုပ်ရှားနေကြပါတယ်။ သူတို့က သူတို့ရုပ်ရှင်အတွက် ပိုစတာတွေကို ပြင်ဆင်ကြပြီး နောက်ဆုံးအသံသွင်းလုပ်ငန်းကို အချောသပ်ကြပါတယ်။ ရခိုင်ပြည်နယ် ပညာရေးအရာရှိနဲ့အတူ မြို့နယ်ပညာရေးအရာရှိ၊ ဆရာဆရာမတွေနဲ့မိဘများပါ တက်ရောက်ကြပါတယ်။ ဒီပွဲက ကြီးမားတဲ့ အခမ်းအနားတစ်ခုဖြစ်ပါတယ်။ ကျောင်းသားတွေနဲ့ဆရာတွေကြား ဆွေးနွေးခန်းတစ်ခု ဖန်တီးပေးနိုင်မယ့် အလားအလာတစ်ခု ဖြစ်ပါတယ်။ ဒါက သံတွဲမြို့က ဒါရိုက်တာကလေးငယ်လေးတွေအတွက် သူတို့အသံကိုကြားအောင် ပြုလုပ်ပေးမယ့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။

©UNICEF Myanmar/2020/Axelle Chazal
အစီအစဉ်ပြသမှုက အောင်မြင်မှုတစ်ခုပါပဲ - ကလေးတွေက ဂုဏ်ယူဝံ့ကြားမှုအပြည့်နဲ့ဖြစ်သလို လူကြီးတွေကလည်း အထင်ကြီး သဘောကျခဲ့ကြပါတယ်။ ဒါက ပထမဆုံးပြသမှုလေးပါ - ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်၊ ရှမ်းနဲ့ ကချင်ပြည်နယ်က ရုပ်ရှင်ကားတွေကို မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ သင်ကြားရေးပတ်ဝန်းကျင်တွေ မြှင့်တင်ပေးနိုင်ဖို့အတွက် ထောက်ခံစည်းရုံးဖို့၊ ပြည်နယ်အဆင့် နိုင်ငံအဆင့် ဆုံးဖြတ်ချက်ချမှတ်ရာမှာ အသိပေးနိုင်ဖို့၊ ဗီဒီယိုတွေထဲမှာ အလေးပေးပြသခဲ့တဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို ကျောင်းသူကျောင်းသား၊ ဆရာ ဆရာမတွေနဲ့ ရပ်ရွာအသိုက်အဝန်း အဖွဲ့ဝင်တွေကြားမှာ ဆွေးနွေးပွဲတွေ အစပျိုးပြုလုပ်နိုင်လာစေဖို့ စာသင်ခန်းတွေနဲ့ ရပ်ရွာအသိုက်အဝန်းတွေထဲမှာလည်း ယူနီဆက်ရဲ့ လှုပ်ရှားဆောင်ရွက်မှုအမျိုးမျိုးအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါမှသာ ကလေးတိုင်းအတွက် ပညာရေးကို ပံ့ပိုးပေးဖို့နဲ့ ပါဝင်ဆောင်ရွက်ကြရမယ့် မိမိတို့ရဲ့ အခန်းကဏ္ဍကို အားလုံးပဲ နားလည်လာကြမှာ ဖြစ်ပါတယ်။









No comments:

Post a Comment