လူအများစုအတွက် နှစ် ၄၀ ကြာစာသင်ကြားပြီးတဲ့နောက် အငြိမ်းစားယူတယ်ဆိုတာ စာသင်ခန်းတွေကနေ အနားယူလိုက်တယ်ဆိုတဲ့သဘောပါ။ ဒါပေမဲ့ အသက် ၆၃ နှစ်အရွယ် ဆရာကြီး ဦးသိန်းထွန်းစိုး အတွက်တော့ ဒီလိုမဟုတ်ပါဘူး။ သူ အငြိမ်းစားယူပြီးမကြာခင်မှာပဲ ဆရာကြီးက စာဆက်လက်သင်ကြား ခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ ကယားပြည်နယ်အရှေ့ပိုင်း လွိုင်ကော်မြို့ကနေ မိနစ် ၄၀ ကြာမောင်းရတဲ့ လွိုင်လင်လေးကျေးရွာက ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFSMSE) စင်တာမှာပဲဖြစ်ပါတယ်။
ကယားပြည်နယ်၊
လွိုင်လင်လေးကျေးရွာရှိ ကျောင်းပြင်ပ အလယ်တန်းပညာရေး (NFSMSE) စင်တာတွင်
တွေ့ရသည့်
ဆရာကြီး ဦးသိန်းထွန်းစိုး။ ©UNICEF Myanmar/2018/Minzayar
Oo
|
NFSMSE က ကျောင်းထွက်ခဲ့ကြရတဲ့ အသက် ၁၃ နှစ်နဲ့ ၁၃ နှစ်အထက် ကလေးငယ်တွေအတွက် ပညာသင်ကြားနိုင်မယ့် ဒုတိယအခွင့်အရေးကို ပေးလျက်ရှိပါတယ်။ ကလေးတွေက အနည်းဆုံး သုံးနှစ်အတွင်း နှစ်ဝက်သင်ရိုး ခြောက်ခုကို သင်ကြားကြရတယ်။ ဆရာကြီးက ယူနီဆက်အဖွဲ့ရဲ့ နည်းပညာပံ့ပိုးမှုနဲ့ ကျောင်းပြင်ပပညာရေးဌာနက ဖွင့်လှစ်တဲ့ ကိုးရက်ကြာသင်တန်းဆရာဖြစ် နည်းပြသင်တန်းကိုလည်း တက်ရောက်ခဲ့ပြီးပါပြီ။
ဆရာကြီးဦးသိန်းထွန်းစိုးက အခုဆဌမမြောက်နှစ်ဝက်ကို သင်ကြားနေပြီး ကျောင်းသူ ခြောက်ဦး၊ ကျောင်းသား ငါးဦးနဲ့ စုစုပေါင်း ၁၁ ယောက်ရှိပါတယ်။ “ကျွန်တော် သူတို့ရဲ့ တိုးတက်မှုကို တော်တော်သဘောကျမိပါတယ်”လို့ ဆရာကြီးက ပြောပါတယ်။ “သူတို့က အတွက်အချက်မှာ သိသိသာသာကို ထူးချွန်ကြတယ်။” ဈေးဆိုင်ပိုင်ရှင်တွေကတောင် ကျွန်တော့်ကိုပြောတယ် “ဆရာ့ကျောင်းသားတွေ ဈေးလာဝယ်ကြရင် သူတို့ပေးရမှာနဲ့ ပြန်အမ်းရမယ့်ငွေတွေကို ကောင်းကောင်းကို တွက်တတ်တယ်”တဲ့။
မိသားစုဝင်ငွေကို ဖြည့်ဆည်းပေးနေရတဲ့ ကလေးတွေအဆင်ပြေစေဖို့အတွက် သင်ကြားမှုတွေကို နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာသာ ပြုလုပ်လေ့ရှိပါတယ်။ NFSMSE အစီအစဉ်ရဲ့ ပထမနှစ်ဝက် ငါးခုမှာ ကလေးတွေက နှစ်ဝက်တစ်ခုစီအတွက် အံဝင်ခွင်ကျဖြစ်အောင် စီစဉ်ထားတဲ့ အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုတွေဖြစ်တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ၊ လက်သမားပညာတွေ၊ ဝါးရက်ပုံတွေ၊ အသေးစား ရောင်းဝယ်မှုတွေ၊ အနုပညာတွေကို သင်ကြားခဲ့ကြပါတယ်။ ဆဌမနှစ်ဝက်ကတော့ ကလေးတွေကို ပညာရေးပိုင်းအရည်အသွေးရော အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုတွေပါ ပြည့်ဝလာဖို့ အလေးပေးထား ပါတယ်။ ဒီတော့ ကလေးတွေက အချိန်ပြည့် ကျွမ်းကျင်လုပ်သားအနေနဲ့ လုပ်ကြမလား၊ ပုံမှန်ကျောင်းပညာရေးအစီအစဉ်အောက်က အထက်တန်းကျောင်းပညာရေးကိုပဲ ပြန်တက်ကြမလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ “အခု ကျွန်တော်က ပညာရေးသင်ရိုးက မြန်မာဘာသာစကားနဲ့ သချာင်္ရယ်၊ လုပ်ငန်းခွင်အပိုင်းက လက်သမားပညာနဲ့ အနုပညာပိုင်းကို အလေးပေးသင်ကြားပေးနေပါတယ်”လို့ ဆရာကြီးက ပြောပြပါတယ်။
အကျိုးအမြတ်တွေရှိပေမဲ့လည်း NFMSE အစီအစဉ်မှာ စိန်ခေါ်မှုတွေရှိနေသေးတယ်လို့ ဆရာကြီးက ပြောပြပါတယ်။ သူ့ကျောင်းသားတွေထဲက သုံးယောက်ကထွက်သွားကြပါတယ် - မိန်းကလေးနှစ်ယောက်က အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ စကာင်္ပူနဲ့ ထိုင်းကိုအလုပ်လုပ်ဖို့ ထွက်သွားကြသလို ကောင်လေးတစ်ယောက်ကတော့ ကယားပြည်နယ်ရဲ့ တစ်ဘက်ခြမ်းကို အလုပ်လုပ်ဖို့ ထွက်သွားပါတယ်။ ဒါအပြင် အရည်အသွေးအမျိုးမျိုးရောနှောနေတဲ့ ကလေးတွေကို သင်ကြားပေးရတဲ့နေရာမှာ အခက်အခဲတွေရှိနေပါတယ်။ ကျောင်းမှာ အတန်းကြီးတဲ့အထိတက်ပြီးမှ ထွက်ခဲ့ကြတဲ့ ကလေးတွေက ကျောင်းတွေမှာ သင်ခဲ့ပြီးသားစာတွေဖြစ်နေတဲ့အတွက် ပညာရေးပိုင်း သင်ခန်းစာတွေမှာ စိတ်ဝင်စားမှုနည်းတယ်။ အတန်းနိမ့်တဲ့ကလေးတွေကျတော့လည်း ကောင်းကောင်း မပူးပေါင်းနိုင်ကြဘူး (သူတို့အတွက် သိပ်ခက်လွန်းနေတတ်တယ်)။ ဆရာကြီးက ကလေးတွေအနေနဲ့ လုပ်ငန်းခွင်သင်ခန်းစာတွေ သင်ကြားတဲ့အခါ လက်တွေ့လုပ်ဖို့ ပိုပြီးလိုအပ်နေတယ်လို့လည်း ဖြည့်စွက်ပြောပြခဲ့တယ်။ ဥပမာ မြေဆွေးလုပ်ဖို့အတွက် ကုန်ကြမ်းတွေဘယ်လိုစုဆောင်းမလဲဆိုတာ လေ့လာဖို့၊ ကိုယ့်နယ်က လက်သမားဆိုင်တွေကို သွားပြီးလေ့လာဖို့ စတဲ့အခွင့်အရေးတွေ လိုအပ်နေပါသေးတယ်။
ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ဆရာကြီး ဦးသိန်းထွန်းစိုးက ဇနီးသည်နဲ့အတူ အိမ်ရဲ့အပြင်ဘက်မှာ အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး ဝင်ငွေရရှိအောင် ဖြည့်တင်းပေးပါတယ်။ ဒါပေမဲ့ သူစိတ်အားထက်သန်တာကတော့ စာသင်ဖို့ပါပဲ။ သူက တစ်သက်တာလုံး ဝါသနာပါခဲ့တဲ့ သင်ကြားရေးအလုပ်ကို လုပ်နေရုံတင်မကဘဲ ပညာရပ်အသစ်တွေကိုလည်း ဆက်လက် လေ့လာနေသေးပါတယ်။ သူက အပြန်အလှန်သင်ကြားရေး နည်းစနစ်တွေကို လေ့လာတဲ့အတွက် ပိုတော်တဲ့ ဆရာတစ်ယောက်ဖြစ်လာစေခဲ့တာလို့ ပြောပြပါတယ်။ “ကျွန်တော့်ရဲ့ နေ့စဉ်သင်ကြားရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်သင်ကြားနိုင်ဖို့ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတာကို လေ့လာရင်း စာတွေဖတ်နေတုန်းပါ” လို့ စိတ်အားထက်သန်တဲ့ အကြည့်တွေနဲ့ ပြောပြခဲ့တယ်။ “အငြိမ်းစားယူပြီးမှ ကျွန်တော့်ဘဝက ပိုပြီး အဓိပ္ပါယ်ပြည့်ဝလာတယ်” လို့လည်းဆိုပါတယ်။
No comments:
Post a Comment