Tuesday, April 30, 2019

"သမီးက မသန်စွမ်းဆိုပေမဲ့ တခြားသူတွေလုပ်နိုင်သလို သမီးလည်းလုပ်နိုင်တယ်၊ သန်လည်းသန်မာတယ်။"

စာရေးသူ - သိန်းသန်းထွန်း

၁၀ နှစ်သမီးလေး နန်းငြိမ်းစုစံဟာ ထူးချွန်တဲ့သူတစ်ယောက်လို့ ဆရာဆရာမတွေက ပြောကြပါတယ်။ ဒါပေမဲ့ သူ့အတန်းဖော်တွေရဲ့ အဆက်မပြတ် စနောက်မှုတွေကြောင့် သူဟာသင်ခန်းစာတွေလွတ်သွားလေ့ရှိပါတယ်။ နန်းငြိမ်းစုစံက “သမီး သိပ်စိတ်ဆိုးတာပဲ” လို့မှတ်မှတ်ရရပြောပြတယ်။ “တစ်ခါတလေ သမီးကိုစတဲ့သူတွေကို မျက်လုံးထောင့်ကပ်ပြီးပဲကြည့်လိုက်တယ်” လို့ဆိုတယ်။

  အတန်းဖော်များနှင့်အတူ စာသင်ကြားနေသော နန်းငြိမ်းစုစံ ဓာတ်ပုံ- စောရန်နောင်

စနောက်တာတွေ သိပ်များလွန်းလာတဲ့အခါမှာတော့ ငြိမ်းစုလေးဟာ အိမ်မှာပဲနေပြီး ငိုနေခဲ့တယ်။ “သမီးအိပ်ရာထဲမှာပဲ လှဲနေပြီးတော့ အမေနဲ့ အစ်မကိုပဲစကားပြောတယ်။ သမီးရဲ့ အတန်းနဲ့ သူငယ်ချင်းတွေကို သတိရတယ်” လို့ပြောပြတယ်။ ငြိမ်းစုစံက သူ့အမေကို သူနဲ့အတူကျောင်းကိုလိုက်ခဲ့ပြီး အတန်းပိုင်ဆရာမရော သူ့ကိုစတဲ့ကလေးကိုပါ နောက်မစအောင်ပြောပေးဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ဒီလောက်မလွယ်ပါဘူး။ ကယားပြည်နယ် လွိုင်ကော်မြို့နယ်က ထေးငါးလျာကျောင်းမှာ တက်ရောက်နေတဲ့ ငြိမ်းစုလေးဟာ ခြေထောက်အတုတပ်ထားရတာကြောင့် သူ့ရွယ်တူကလေးတွေရဲ့ စနောက်တာကို ခံခဲ့ရပါတယ်။ သူမရဲ့ခြေထောက်က ငယ်စဉ်က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်ကူးစက်ပိုးတစ်မျိုးကြောင့် ဖြတ်တောက်ခဲ့ရတာပါ။

သူမရဲ့ဆရာမဖြစ်တဲ့ ဒေါ်မြင့်သီတာစိုးက တခြားကလေးတွေ နန်းငြိမ်းစုစံကို ဘယ်လိုစနောက်ကြပြီး ဖယ်ထားကြတယ်ဆိုတာကို သတိပြုမိပေမဲ့ ဒါကို ဘယ်လိုတားရမလဲဆိုတာ အဖြေရှာမရခဲ့ပါဘူး။ “နေ့လယ်မုန့်စားဆင်းချိန်တွေမှာ  ကစားကွင်းဘေးမှာရပ်ပြီး သူ့သူငယ်ချင်းတွေ ကစားနေတာကို ငေးကြည့်နေတဲ့ သူ့ကိုမကြာခဏ ကျွန်မတွေ့ပါတယ်လို့” ဆရာမက ပြောပြပါတယ်။

တဖြည်းဖြည်းနဲ့ ပံ့ပိုးပေးတဲ့အချက်အလက်များစွာရဲ့ အကျိုးတွေကြောင့် အခြေအနေတွေ စပြီးတိုးတက်လာခဲ့ပါတယ်။ ငြိမ်းစုစံရဲ့ ပညာရေးကိုဆက်ပြီး ကြိုးစားသင်ယူမယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်၊ သူမရဲ့မိဘတွေနဲ့ ကျောင်းရဲ့ပံ့ပိုးမှု၊ ယူနီဆက် ဆွီဒင်အမျိုးသားကော်မတီကတစ်ဆင့် H&M ဖောင်ဒေးရှင်းရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ ပညာရေးဌာနကပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေပဲဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ မသန်စွမ်းကလေးတွေအတွက် ကျောင်းတွေနဲ့ပိုပြီးသဟဇာတဖြစ်အောင် ဘယ်လိုဆောင်ရွက်ပေးကြမယ်ဆိုတာကို အလေးပေးဆွေးနွေးခဲ့ကြပါတယ်။ ယူနီဆက်က နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ကယားပြည်နယ်လွိုင်ကော်မြို့နယ်တဝှမ်းက ကျောင်းအုပ်ဆရာဆရာမကြီး ၁၂၃ ယောက်နဲ့အတူ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေအေးကလည်း ယူနီဆက်က ပံ့ပိုးပေးတဲ့ မသန်စွမ်းကလေးငယ်တွေကို ကူညီပေးရေးနဲ့စပ်လျဉ်းတဲ့ သင်တန်းတစ်ခုကိုတက်ရောက်ခဲ့ပါတယ်။ ဒေါ်ဆွေဆွေအေးက သင်တန်းမှာ မသန်စွမ်းကလေးငယ်တွေတက်ရောက်နိုင်ဖို့ သဟဇာတဖြစ်တဲ့ ကျောင်းတစ်ကျောင်းဖြစ်အောင် ဘယ်လိုဖန်တီးရမယ်ဆိုတာအပြင် ရပ်ရွာအသိုက်အဝန်းထဲမှာလည်း အလားတူ သင်တန်းတွေဘယ်လိုပေးရမလဲဆိုတာတွေကိုပါ လေ့လာခဲ့ရတယ်လို့ ပြောပြပါတယ်။

ကျောင်းအုပ်ကြီး သင်တန်းတက်ရောက်ပြီးပြန်ရောက်လာတဲ့ ၂၀၁၈ နိုဝင်ဘာ ၂ ရက်ကနေ ၂၀၁၉ ဇန်နဝါရီ ၁၇ ရက်အထိ သုံးလတာအတွင်းမှာ ဆရာမကြီးဒေါ်ဆွေဆွေအေးက မိဘပေါင်း ၁၃၅ ဦးနဲ့ ကျောင်းသူကျောင်းသားပေါင်း ၂၃၀ ကျော်တို့အတွက် သင်တန်းများ ဖွင့်လှစ်နိုင်ဖို့ စတင်ကူညီခဲ့ပါတယ်။ ဆရာမကြီးက ရပ်ရွာလူထုကို အဓိကပါးချင်တဲ့သတင်းစကားကတော့ “ရပ်ရွာထဲမှာ ကျောင်းနေအရွယ် မသန်စွမ်းကလေးငယ်တစ်ဦး တွေ့ခဲ့မယ်ဆိုရင် သူတို့ကို ကျောင်းကိုပို့ပေးပါ။ အစိုးရကျောင်းတွေအားလုံးက ကလေးတွေကိုလက်ခံဖို့ အဆင်သင့်ပါ” လို့ဆိုပါတယ်။ ဆရာမကြီးက မိဘတချို့ရဲ့စကားကို ဖြည့်စွက်ပြောပြခဲ့တာက “မိဘတွေက သူတို့ရဲ့ မသန်စွမ်းကလေးတွေကို ကျောင်းမပို့ချင်ကြတာက ကလေးတွေ ခွဲခြားဆက်ဆံခံရမှာ၊ ဒုက္ခရောက်မှာတွေကို စိုးရိမ်ကြလို့ပဲဖြစ်ပါတယ်။” ဒေါ်ဆွေဆွေအေးက မိဘတွေကို ထပ်လောင်းအာမခံပြောကြားလိုတာက ကျောင်းတွေက ကလေးတွေရဲ့ သင်ကြားရေးပိုင်းလွယ်ကူချောမွေ့အောင် ကူညီပေးဖို့တင်မကဘဲ တခြားအထောက်အပံ့တွေဖြစ်တဲ့ အိမ်သာ၊ ရေချိုးခန်းအသုံးပြုမှုတွေကိုပါ အဆင်ပြေအောင် ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ဆရာမကြီးက ငြိမ်းစုလေးရဲ့အတန်းမှာ ဆွေးနွေးပွဲလေးတစ်ခုကိုလည်း စီစဉ်ပေးခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်းမှာ သူက ကလေးသူငယ်တွေရဲ့ အခွင့်အရေး၊ ကျင့်ဝတ်နဲ့ တန်းတူညီမျှမှုတွေကို အလေးပေးပြောကြားခဲ့သလို ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးကိုမှ သည်းခံမှာမဟုတ်ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ နန်းငြိမ်းစုစံက သူ့အတန်းဖော်တွေက သူ့ကို မစနောက်တော့ဘဲ သူနဲ့အတူလည်း ကစားနေကြပြီလို့ ပြောပြပါတယ်။ သူ့အကြိုက်ဆုံးကစားနည်းတွေထဲက တစ်ခုကတော့ ဒီး-ထူ တန်ကစားနည်းလို့ဆိုပါတယ်။ ကလေးတစ်ယောက်က တိုင်တစ်တိုင်ကနေ နောက်တစ်တိုင်ဆီကို မရပ်ဘဲနဲ့ ဒီးလို့ အော်ပြီးပြေးရမယ်၊ သူက နောက်ကလေးတစ်ယောက် သူမနောက်က ပြေးမလိုက်နိုင်အောင် တားရမှာလို့ ကစားနည်းကို ရှင်းပြတယ်။ “သမီးက ဒီး-ထူ တန်ကစားနည်းကို သိပ်ကြိုက်တယ်”လို့ ငြိမ်းစုက ပြောပြခဲ့တယ်။

ထေးငါးလျာရွာမှာ ကုန်စုံဆိုင်လေးဖွင့်ထားတဲ့ သူ့မိခင်က ခုနောက်ပိုင်း ငြိမ်းစုက သူ့မုန့်တွေကို သူငယ်ချင်းတွေကို ကျွေးရတာလည်း သဘောကျနေတယ်။ “သူ့ကို မုန့်တွေနဲ့ အသီးအနှံတွေများများ မထည့်ပေးလိုက်ရင် သူက မကျေနပ်ဘူး” လို့ ပြောပြပါတယ်။

        ကျောင်းတက်ရောက်နေသည့် နန်းငြိမ်းစုစံ။ ဓာတ်ပုံ စောရန်နောင်


ဒါပေမဲ့ အခုသုံးတန်းရောက်နေပြီဖြစ်တဲ့ နန်းငြိမ်းစုစံအတွက် ပညာရေးက သူ့အတွက်မောင်းနှင်ပေးနေတဲ့ အင်အားတစ်ခုပါ။ “သမီးက ဆရာဝန်ဖြစ်ချင်တာ။ သမီးက မသန်စွမ်းဆိုပေမဲ့ တခြားသူတွေလုပ်နိုင်သလို သမီးလည်းလုပ်နိုင်တယ်၊ သန်လည်းသန်မာတယ်။ တစ်နေ့ကျရင် သမီးအိပ်မက်တွေ တကယ်ဖြစ်လာစေရမယ်” လို့ငြိမ်းစုက ယုံကြည်မှုရှိတဲ့အပြုံးနဲ့ ပြောပြခဲ့ပါတယ်။

No comments:

Post a Comment