Monday, July 10, 2017

မဖြေရှင်းနိုင်သေးသည့် ပဋိပက္ခ သည် ကလေးသူငယ်များ၏အနာဂတ်ကို ပျက်ဆီးစေခြင်း

အန်ကာလောရွာ၊ ကရင်ပြည်နယ်

ကလေးငယ်လေးတစ်ယောက် သူ့လက်ထဲမှာရှိတဲ့ သတ္တု ပစ္စည်းလေးကို ကြည့်ရင်း ကြောက်ရွံ့ထိတ်လန့်နေပါသည်။ အဲဒီ ပစ္စည်းလေးကတော့ ကစားစရာမဟုတ်ပါ သို့သော် သူနဲ့အတူ ဆော့နေတဲ့ သူငယ်ချင်းက အဲဒီ ပစ္စည်းလေးကို မီတာအနည်းငယ်ကွာဝေးတဲ့ ဝါးရုံတောထဲသို့ ပစ်လိုက်ဖို့ သူ့ကို အော်ပြောခဲ့ပါသည်။

©UNICEF/UN061806/Brown
လွန်ခဲ့သော ၂ နှစ်က ကရင်ပြည်နယ်၊ အန်းကလောရွာတွင် အသက်ဆယ်နှစ်အရွယ် မင်းသီယာသည်  စောဘဆန်းအပါအ၀င် အခြားသူငယ်ချင်းနှစ်ယောက်ဖြင့်  ကစားနေစဉ် ပေါက်ကွဲမှုမှရရှိသော ဒဏ်ရာများရရှိခဲ့သည်။ အခြားသူငယ်ချင်းနှစ်ယောက်မှာ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်။

“တော်တော်လေးတယ်-ပြီးတော့ ပူတယ်” ဟု အသက် (၉) နှစ်အရွယ်စောဘဆန်းက ပြောပြပါတယ်။ “အန္တရာယ် ရှိတယ်လို့တော့ ကျွန်တော်ထင်ခဲ့တယ်”

စောဘဆန်းတစ်ယောက် အဲဒီ သတ္တုပစ္စည်းလေးကို မပစ်သေးဘဲ လက်ထဲကိုင်ထားရင်း သူငယ်ချင်းဖြစ်တဲ့ အောင်မျိုးမင်းက သူ့လက်ကနေယူပြီး ပစ်မယ်လုပ်တဲ့အချိန်မှာ ပေါက်ကွဲသွားပါတယ်။ အောင်မျိုးမင်းက ချက်ချင်း သေသွားပြီး စောဘဆန်းအပါအဝင် အခြားကလေးငယ် ၄ ဦး ဒဏ်ရာရခဲ့ပါသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်က ဖြစ်ပွားခဲ့သော်လည်း ယင်းမတော်တဆ ဖြစ်ရပ်သည် မြန်မာနိုင်ငံ အရှေ့တောင်ဘက်အရပ်မှ ဆင်းရြဲ ပီး ဝေးလံခေါင်သီတဲ့ ကျေးရွာလေးမှာဖြင့် အမှတ်ရနေဆဲဖြစ်ပါသည်။ ဒေသခံတစ်ဦးမှ စာသင်ကျောင်းနှင့် မီတာ ၂၀၀ ကျော်မဝေးတဲ့၊ အမှတ်အသားမရှိတဲ့၊ မောင်စိုးအောင်သေဆုံးခဲ့ပြီး အခြား ကလေးတွေဒဏ်ရာရခဲ့တဲ့ အဲဒီနေရာကို ညွှန်ပြပါသည်။ အသက် ၇ နှစ်အရွယ် မောင်အောင်မင်း ကတော့ ဒဏ်ရာတွေနဲ့ ဆေးရုံရောက်ပြီး မကြာမှီ သေဆုံးသွားခဲ့ရပါသည်။

စောဘဆန်းရဲ့ဖခင် စောတာလူ က ပေါက်ကွဲသံကို ကြားတဲ့အချိန်မှာ ကရင်ပြည်နယ်မှာအချိန်ကြာမြင့်စွာ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခ သည် သူတို့ရွာကို တစ်ကြော့ပြန်လာပြီလားဟု ထင်လိုက်ပြီး ဇနီးနဲ့ သား ၂ ယောက်အတွက်ပူပန်ခဲ့ပါသည်။

အသက် (၄၃) အရွယ် စောတာလူသည် ရွာရှိ ဘုရားကျောင်းတွင် ဓမ္မဆရာတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းတွင် နှစ်ပေါင်းများစွာနေလာခဲ့ပြီးမှ ၂၀၁၂ ခုနှစ်တွင် သူနှင့်အတူ မိသားစုများ မြန်မာပြည်သို့ပြန်လာခဲ့ပါသည်။

“ကျွန်တော့အမေက ဒီရွာကို ပြန်လာဖို့တိုက်တွန်းခဲ့တယ်၊ ဒီဒေသမှာ လုံခြုံ စိတ်ချရပြီ လို့ထင်ခဲ့ပေမယ့် တကယ်တော့မဟုတ်ခဲ့ဘူး” ဟု စောတာလူ ပြောသည်။

တစ်နေ့မှာ မြန်မာ့တပ်မတော်နဲ့ ဒီကေဘီအေ အဖွဲ့တို့ သည် ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်လေ့ရှိသည့် အိမ်ခြေ ၆၀ ခန့်ရှိ ရွာထဲကို ဝင်ရောက်ခဲ့ပါသည်။ ဝင်လာသည့်အခါတိုင်း ကြောက်လန့်နေသည့် မိသားစုများသည် ဗုံးခိုကျင်းများသို့ဝင်ရောက် ပုန်းနေကြရပြီး ကျင်းများကို သူတို့ရဲ့သစ်သားအိမ်အောက်တွေမှာ တူးထားကြရပါသည်။

တိုက်ပွဲဖြစ်ပြီး မတော်တဆ ကျကျန်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးဟာ သီတင်းပတ်များစွာကြာပြီးတဲ့နောက်  ပေါက်ကွဲခဲ့ပါသည်။

ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှု၏ အသီးအပွင့်ကို မဆွတ်ခူးနိုင်သေး

ပဋိပက္ခသည် ယင်းဒေသနေ ပြည်သူများ၏ဘဝကို ပုံဖေါ်ပေးပါသည်။ တပ်မတော် နှင့် မြောက်များစွာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ထပ်တလဲလဲဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ ကြိမ်ဖန်များစွာ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါသည်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီဒေသများရှိ လက်နက်ကိုင် အဖွဲ့အစည်းများသည် ၂၀၁၅ ခုနှစ် တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်သော်လည်း ရံဖန်ရံခါ ထိတွေ့ တိုက်ပွဲဖြစ်မှုများ ရှိနေပါသေးသည်။

“ဒီ ပဋိပက္ခသမိုင်းကြောင်းဟာမြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်တွင်နေထိုင်သည့် ကလေးငယ် ၂ သန်းနီးပါး၏ ဘဝတွေအပေဆိုးကျိုး သက်ရောက်မှုဖြစ်စေပါသည်” ဟု ယူနီဆက် မော်လမြိုင် ဒေသဆိုင်ရာ ရုံးတာဝန်ခံ Anne Cecile Vialle ကပြောပါသည်။

“ဒီလိုတိုက်ခိုက်တွေကြောင့် တိုက်ရိုက်ခံစားရတဲ့ ဒုက္ခများသာမက အဲဒီဒေသမှာနေထိုင်တဲ့ ကလေးတွေဟာ ဒီလိုပဋိပက္ခတွေကြောင့် အခြေခံ စောင့်ရှောက်မှုတွေကို မရနိုင်တော့တဲ့အခြေအနေပါဘဲ”ဟု ပြောသည်။

ပဋိပက္ခဖြစ်ပွားတဲ့ ဒေသများရှိ ကျောင်းနေအရွယ်ကလေး (အသက် ၆ နှစ် မှ ၁၇ နှစ်အကြား) သုံးပုံတစ်ပုံနီးပါးသည် ကျောင်းမနေကြသည့်အပြင် မိသားစု ၃ စုတွင် တစ်စု သည် သန့်ရှင်းသည့် အိမ်သာသုံးစွဲနိုင်ခြင်းမရှိကြပေ။

ကျယ်ပြန့်စွာရှိနေသည့် မြေမြှပ်မိုင်းများ နှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များသည် ဆယ်စုနှစ်များစွာဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခ၏ ရလာဒ်များဖြစ်ပါသည်။

မြေမြှပ်မိုင်းများ နှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များသည် နှစ်ပေါင်းများစွာ ကွယ်ဝှက်ပျောက်ကွယ်နေတတ်ပြီး တစ်ခါတစ်ရံ ရှာဖွေဖို့ခက်ခဲပါသည်။ တိုက်ပွဲဖြစ်ပွားချိန် တွင် အခြားသော ပေါက်ကွဲစေသည့် လက်နက်များကို မြှပ်ထားခဲ့ကာ ဒေသခံများအနေဖြင့် သူတို့ပိုင်ဆိုင်သည့် ပစ္စည်းများသွားရောက်ယူဆောင်သည့်အခါ သို့မဟုတ် သွားရောက်အလုပ်လုပ်ကိုင်သည့်အခါတွင် အသက်ကို အန္တရာယ်ဖြစ်စေပါသည်။

စေတနာ့ဝန်ထမ်းများမှ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သူများအား ပံ့ပိုးကူညီအားပေးခြင်း

ကော့ကရိတ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ယူနီဆက်၏ အကူအညီဖြင့်  မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူ များအသင်း နှင့် Handicap International အဖွဲ့တို့ပူးပေါင်းပြီး Victim Assistance စင်တာတစ်ခုကို ထူထောင်ခဲ့ပါသည်။

ယင်းစီမံချက်တွင်  မြေမြှပ်မိုင်းများ နှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဝန်ဆောင်မှုများပေးလျှက်ရှိသကဲ့သို့ မသန်စွမ်းကလေးများနှင့်အရွယ် ရောက်သူများအားလည်း ကူညီပေးလျှက်ရှိပါသည်။ ထို့အပြင် မြေမြှပ်မိုင်းများကြောင့် အသက်မသေရှင်ကျန်ရစ်သူ များမှ မြေမြှပ်မိုင်းအန္တရာယ်အကြောင်းကို ဒေသခံများအား ပညာပေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။

အသက် (၃၃) နှစ်အရွယ် မစန်းစန်းမော်သည် ယင်းစင်တာရှိ စေတနာ့ဝန်ထမ်း (၃၀) ဦးတွင် တစ်ဦးအပါအဝင် ဖြစ်ပါသည်။ သူမ အသက် ၁၃ နှစ်အရွယ်တွင် တောထဲသို့ ဝါးသွားခုတ်ရင်း မြေမြှပ်မိုင်းနင်းမိသည့်အတွက် သူမ၏ ညာဘက်ခြေထောက်ဆုံးရှုံးခဲ့ရပါသည်။

“ဒီမှာတော့ ကျွန်မတို့က ခြေတုအသုံးပြုတဲ့သူတွေကို ခြေတုတွေကို ပြုပြင်ပေးခြင်း၊ ညှိပေးခြင်း တို့ပြုလုပ်ပေးပါတယ်။ သို့သော် ကျွန်မစေတနာ့ဝန်ထမ်းလုပ်ရခြင်းကတော့ ကျွန်မလိုထိခိုက်ခံစားရတဲ့သူတွေကို ကူညီပေးချင်လို့၊ ကျွန်မထိခိုက်ခံစားရတုန်းက အားပေးနှိမ့်သိမ့်ပေးမှု လိုသလို အခြားသူတွေကို လည်း အားပေးနှိမ့်သိမ့်ပေးချင်လို့ လုပ်ရတာပါ” ဟု မစန်းစန်းမော်ကပြောသည်။

မိုင်းအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ကို ယူနီဆက်၏အကူအညီ နှင့်အတူ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့များ ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် မိုင်းအန္တရာယ်ပညာပေး သင်ရိုးညွှန်တမ်းအသစ်ကို ရေးဆွဲနေပြီး ကရင်ပြည်နယ်တွင် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဆွေးနွေးလျှက်ရှိပါသည်။

ကရင်ပြည်နယ်တွင် မိုင်းရှင်းလင်းခြင်းလုပ်ငန်းသည် ခက်ခဲသည့်အလျောက် အချိန်ယူရမည်ဖြစ်သော်လည်း အန်ကလောကျေးရွာကဲ့သို့ အန္တရာယ်ကျရောက်လွယ်သည့် ဒေသနေပြည်သူများအနေဖြင့် မြေမြှပ်မိုင်း ကြောင့်သေဆုံးရခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရခြင်း အန္တရာယ်နှင့် နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါသည်။

စောဘဆန်း တက်ရောက်ပညာသင်ကြားနေသည့်ကျောင်းမှ ဆရာမ မနန်းမော်မော်ကြည်ကတော့ ဒီရွာလေးဟာ တကယ်တော့ခက်ခဲ ကြမ်းတမ်းမှု တွေနဲ့ အပြည့်ပါဟု ပြောပါသည်။

“ကျွန်မတို့ကတော့ ကလေးတွေကို အမြဲပြောပါတယ် ပုံမှန်မဟုတ်တဲ့ ထူးဆန်းစရာ တစ်ခုခုကို တွေ့ရင် မထိပါနဲ့၊ မကိုင်ပါနဲ့ လူကြီးတွေကို သွားပြောပါလို့အမြဲမှာထားရပါတယ်။ နောက်ထက်ဒီလိုအတွေ့အကြုံမျိုး ထပ်မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ အသေအချာမပြောနိုင်ဘူး”ဟုပြောသည်။

No comments:

Post a Comment