မာရီရာနာပါလက်ဗရာနှင့် တင်လေးနိုင် ရေးသားသည်
ကျန်းမာရေးပြဿနာများနှင့် ကလေးငယ်များ၏ ကျန်းမာရေးကို တိုးတက်ကောင်းမွန်အောင် မည်သို့ ပြုလုပ်နိုင်သည်နှင့် ပတ်သက်ပြီး များများစားစား မသိကြောင်း နန်းခမ်းနွန်းက ချက်ချင်းဝန်ခံသည်။ အသက် ၁၈နှစ်ရှိ ပလောင်မလေး နန်းခမ်းနွန်းမှာ ၎င်း၏ မိဘနှစ်ပါး၊ မွေးချင်း အငယ် နှစ်ဦးနှင့်အတူ ရှမ်းပြည်နယ်တပ်မတော်/ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/SSPP) က ထိန်းချုပ်ထားသည့် ဒေသတစ်ခု ဖြစ်သည့် တောင်ရန်းမြို့နယ်၊ ဝေးလုံးကျေးရွာတွင် နေထိုင်သည်။
©ယူနီဆက်ဖ်မြန်မာ/၂၀၁၆/တင်လေးနိုင် |
၎င်းမှာ ကျန်းမာရေးဗဟုသုတမရှိသော်လည်း ရွာတွင် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း အစီအစဉ် အတွက် စုရုံးနေသည်ကို ကြားသောအခါ နှစ်ခါမစဉ်းစားခဲ့ပေ။
၎င်းမှာ ကျန်းမာရေးဗဟုသုတမရှိသော်လည်း ရွာတွင် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း အစီအစဉ် အတွက် စုရုံးနေသည်ကို ကြားသောအခါ နှစ်ခါမစဉ်းစားခဲ့ပေ။
“ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးမယ့်နေရာကို ကျေးရွာခေါင်းဆောင်ကကြေညာပြီး ၅နှစ်အောက် ကလေးတွေ လာရမယ်လို့ပြောတယ်။ အဲဒါကြောင့် ကျွန်မရဲ့မောင်လေးနဲ့ ညီမလေးကို ကာကွယ်ဆေး တိုက်ကျွေးဖို့ခေါ်လာတယ်” ဟု ၎င်းက ပြန်ပြောပြသည်။
၅နှစ်အရွယ် လန်းခမ်းလွန်းနှင့် ၃နှစ်အရွယ် မောင်လေးမှာ ယခုပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးပြီး သွားပြီ ဖြစ်သည်။
ယခင်က ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဝေးလုံးရွာတွင် မပြုလုပ်ခဲ့ပေ။ အမှန်တကယ်မှာမူ အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ရှမ်းပြည်နယ်တွင်းရှိ အစိုးရ ထိန်းချုပ်ထားခြင်းမရှိသော ပဋိပက္ခဖြစ်ပွားရာ နေရာအများအပြားသို့ ရောက်ရှိခြင်းမရှိပေ။ အထူးသဖြင့် ပဋိပက္ခနှင့် လုံခြုံရေး အားနည်းခြင်းများကြောင့်အပြင် ယင်းနေရာများမှာ အလွန်ဝေးလံခေါင်သီကာ တောင်အမြင့်များပေါ်မှာ ရှိခြင်းနှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် ဖြစ်သည်။
“အဲဒီဧရိယာတွေထဲက အချို့နေရာတွေမှာ ပြည်သူ့ကျန်းမာရေးဌာနက အခြေခံကျန်းမာရေး ဝန်ထမ်း (BHS) တွေ အနေနဲ့ လုံခြုံရေးအရ မသွားရောက်နိုင်တာ၊ တခါတလေ ဘာသာစကားမတူတဲ့အတွက် တိုက်ရိုက် ပြောဆိုဆက်သွယ်မှု မပြုနိုင်တာတွေကြောင့် ဒေသခံတွေက ယုံကြည်မှု အားနည်းကြတယ်။ နောက်ပြီး ဒေသခံတွေရဲ့ ကျန်းမာရေးဗဟုသုတက အရမ်းအားနည်းတယ်။ အဲဒါကြောင့်ပဲ တီဘီလို ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားမှုနှုန်းက မြင့်နေတာ” ဟု ယူနီဆက်(ရှမ်းပြည်နယ်) ၏ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အရာရှိ နန်းမြနွယ်တြာထွန်းက ရှင်းပြသည်။
“ပြီးခဲ့တဲ့ ၄နှစ်အတွင်းမှာ ကာကွယ်ဆေ တိုက်ကျွေးခြင်း မပြုလုပ်ရသေးတဲ့ ရွာတွေ ရှိနေတုန်းပဲ” ဟု ၎င်းက ဆက်ပြောသည်။
ရှမ်းပြည်နယ်လူငယ်ကွန်ရက် ကော်မတီ (SSYNC)မှာ ရှမ်းပြည်နယ်တပ်မတော်/ရှမ်းပြည် တိုးတက်ရေး ပါတီ (SSA/SSPP) က ထိန်းချုပ်ထားသော ဧရိယာအတွင်းတွင် အလုပ်လုပ်နေသော တစ်ခုတည်းသော အများပြည်သူဆိုင်ရာအဖွဲ့အစည်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် တည်ထောင်ပြီး ရှမ်းပြည်နယ်တွင် အခြေစိုက်သော ယင်းအဖွဲ့အစည်းကို အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ဒေသခံများက အပြည့်အဝ ထောက်ပံ့ပေးထားသည်။
“ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် လူစိမ်းမြင်တိုင်း မိခင်တွေက ကလေးတွေခေါ်ပြီး ထွက်ပြေးကြတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်မှာတော့ သူတို့က ကျွန်တော်တို့ကို ယုံကြည်တဲ့ အတွက် အဲဒီလို မဖြစ်ဘူး” ဟု SSYNC လုပ်အားပေးတစ်ဦးက ပြောသည်။ ယင်းအဖွဲ့အစည်းမှာ ကျန်းမာရေး၊ ပညာရေး၊ လူငယ်များ အရေး၊ အမျိုးသမီးများနှင့် ကလေးငယ်များကာကွယ်ရေး စသဖြင့် ပြဿနာအများအပြားအပေါ် အဓိက အာရုံစိုက်ဆောင်ရွက်ကြသည်။
“ရှမ်းပြည်နယ်အလယ်ပိုင်းတွင် ၂၀၁၅ခုနှစ် အောက်တိုဘာလက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် လက်လှမ်း မီရန် ခက်ခဲသောဒေသများရှိ ကလေးငယ်များကို အကာအကွယ်ပေးရန်” အလို့ငှာ ယူနီဆက်ဖ်က SSYNC နှင့် စတင် ဆွေးနွေးခဲ့ကြောင်း ယူနီဆက်ဖ် ရှမ်းပြည်နယ်ရုံး၏ အကြီးအကဲ ဒေါ်ခင်မိုးအေးက ရှင်းပြသည်။
ထို့အပြင် SSYNC က နိုင်ငံတော် ကာကွယ်ဆေးတိုက်ကျွေးရေးနေ့များ (NID)တွင် ပါဝင်ဆောင်ရွက်ရန် ကမ်းလှမ်းလာသည့်အခါ ယူနီဆက်ဖ်က ယင်းတိုင်းရင်းသား ကျန်းမာရေးအဖွဲ့၊ ပြည်နယ်နှင့်မြို့နယ်အဆင့်ရှိ အစိုးရ ကျန်းမာရေးအာဏာပိုင်များကြား ဆက်သွယ်ဆွေးနွေးရန် ကူညီပေးခဲ့သည်။
“ကြားဝင်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေး ရယူသည့်နေရာများ၊ ဆက်သွယ်ရန်ပုဂ္ဂိုလ် စတဲ့ လုပ်ငန်းတွေနဲ့ စပ်လျဉ်းလို့ အများသဘောဆန္ဒရရှိဖို့က မဖြစ်မနေလိုအပ်ခဲ့တယ်” ဟု ၎င်းက ပြောခဲ့သည်။
“လက်လှမ်းမီဖို့ခက်ခဲတဲ့ ဒေသတွေမှာ ၅နှစ်အောက် ကလေးငယ်တွေကို ကာကွယ်ဆေးတိုက်ကျွေးနိုင်မှု အရေအတွက် သိသိသာသာ တိုးတက်လာတဲ့အတွက် ဒီပူးပေါင်းဆောင်ရွက်မှုက အကျိုးရှိပါတယ်။ တချို့ဧရိယာတွေမှာ ပိုလီယို ကာကွယ်ဆေးကို ကလေးတွေ ရရှိတာ ဒါပထမဆုံး အကြိမ်ပဲ” ဟု ယူနီဆက်ဖ် ကာကွယ်ဆေးအထူးကျွမ်းကျင်သူ ဒန်နီရယ်ငီမီရာက ပြောခဲ့သည်။
ယင်းပူးပေါင်းဆောင်ရွက်မှုမှတဆင့် မြောက်ပိုင်းနှင့် တောင်ပိုင်း ရှမ်းပြည်နယ်ရှိ အစိုးရ ထိန်းချုပ် မထားသော သို့မဟုတ် ပဋိပက္ခဖြစ် ဒေသများတွင်နေထိုင်သော ကလေးငယ် ၁,၄၀၀ ကျော်ကို ကာကွယ်ဆေးတိုက်ကျွေး နိုင်ခဲ့သည်။
“ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးမှုကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်ဖို့အတွက် ဒီအဆင့်က အရမ်း အရေးကြီးတဲ့ အဆင့်တစ်ဆင့်ပါ။ ၂၀၁၅ခုနှစ်မှာ ပိုလီယိုရောဂါဖြစ်ပွားမှု နှစ်ကြိမ် တွေ့ရှိရပြီးတဲ့နောက် မြန်မာနိုင်ငံမှာ နိုင်ငံအဆင့် ပိုလီယိုရောဂါ ကာကွယ်ရေးအစီအစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရနဲ့ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အားလုံးရဲ့ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် ကြိုးပမ်းမှုတွေကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ ပုံမှန် ကာကွယ်ဆေးထိုး/ တိုက်ကျွေးခြင်း လွှမ်းခြုံနိုင်မှုက တိုးတက်လာပြီး အနာဂတ်မှာ ပိုလီယိုအပါအဝင် ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေ ဖြစ်ပွားမှု နည်းပါး သွားပါလိမ့်မယ်” ဟု ဒန်နီရယ်က ဆက်လက် ပြောကြားခဲ့သည်။
၂၀၁၆ခုနှစ်တွင် ယူနီဆက်ဖ်မြန်မာက နိုင်ငံတစ်ဝန်းလုံးတွင် ကာကွယ်ဆေးဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုနှင့် ရာသီဥတု ဒဏ်ခံနိုင်သော cold chain စနစ်တို့ကို အပြည့်အဝ လုပ်ဆောင်နိုင်ရန် ဆက်လက်ကြိုးပမ်း သွားမည် ဖြစ်သည်။ သို့မှသာ ရခိုင်၊ ချင်း၊ ကယား၊ ကချင်နှင့် ရှမ်းပြည်နယ်ရှိ နယ်စပ်ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် အရည်အသွေးမီသော ကာကွယ်ဆေးတိုက်ကျွေးခြင်းဝန်ဆောင်မှုများပေးနိုင်ပြီး ကလေးငယ်အားလုံး ပိုလီယို ရောဂါကာကွယ်ဆေး တိုက်ကျွေးနိုင်မည်ဖြစ်သည်။ ယင်းရည်မှန်းချက် အောင်မြင်စေရန် အလို့ငှာ ကျန်းမာရေးတွင်သာမက အာဟာရ၊ ပညာရေးနှင့် ကလေးငယ်ကာကွယ်ရေးတို့ကို လွှမ်းခြုံနိုင်သော (အထူးသဖြင့် အပစ်အခတ်ရပ်ဆဲထားသော ဒေသများတွင်) အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် အစိုးရတို့၏ ပူးတွဲအစီအစဉ်များတွင် ယူနီဆက်ဖ်က ဆက်လက် ထောက်ပံ့ကူညီ သွားမည်ဖြစ်သည်။
နန်းခမ်းနွန်းက ကျန်းမာရေးပြဿနာများအကြောင်း လုံးဝမသိသည်တော့ မဟုတ်ပေ။ “ကာကွယ်ဆေး ထိုးခြင်းနဲ့ တိုက်ကျွေးခြင်းက ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ ကျွန်မ သိပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးကို ဘယ်လောက်ထိ ကောင်းမွန်အောင် လုပ်ပေးနိုင်တယ်ဆိုတာ တော့မသိဘူး။ ဒါပေမဲ့ ကျွန်မတို့ရွာမှာ ကျန်းမာရေး ဆေးခန်းတစ်ခုဖွင့်ပြီး စတင်နိုင်ပါတယ်” ဟု ၎င်းက တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေခဲ့သည်။
၎င်း၏ မောင်လေးနှင့် ညီမလေးအတွက် ကောင်းမွန်သော အနာဂတ် အိပ်မက်များလည်း ၎င်းတွင် ရှိနေသည်။ “ကျွန်မတို့ရွာမှာ ကျွန်မရဲ့ ညီမလေးကို သူနာပြုဆရာမလေးအဖြစ်နဲ့ မောင်လေးကိုတော့ ဆရာအဖြစ် မြင်ချင်ပါတယ်” ဟု နန်းခမ်းနွန်းက ပြောသည်။
No comments:
Post a Comment