မာရီယာနာ ပါလက်ဗရာ ရေးသားသည်
နေပြည်တော်၊ ၂၀၁၆ ခုနှစ်၊ မေလ၊ ၁၉ ရက် - ကချင်ပြည်နယ်ရှိ မကိုင်ဂျာ၏ရွာ၌ တိုက်ပွဲဖြစ်ချိန်တွင် သူမ ကျောင်းတွင် ရှိနေခဲ့သည်။ ခေတ္တခိုလှုံရာနေရာအဖြစ် အသုံးပြုသည့် အဆောင်တစ်ခုသို့ သူမကို ရွှေ့ပြောင်းပေးခဲ့သည်။ ယင်းအချိန်က သူမအသက်မှာ ၁၆ နှစ်ဖြစ်ပြီး မိဘတွေနဲ့ ဝေးသည့် ယင်းနေရာတွင် နှစ်လခန့် တစ်ယောက်တည်း နေထိုင်ခဲ့ရသည်။
“ကျွန်မမိဘတွေ အသက်ရှင်နေတယ်လို့ ကျွန်မကို ပြောကြတယ်။ ဒါပေမဲ့ သူတို့ကို ဘယ်တော့မှ ထပ်မမြင်ရတော့မှာကို တွေးပြီး ကျွန်မအရမ်းကြောက်တယ်”ဟု မကိုင်ဂျာက မျက်ရည်ဝဲဝဲနှင့် ပြန်ပြောပြသည်။
“နောက်ဆုံးမှာ အဆောင်ကနေ စခန်းတစ်ခုကို ပြောင်းရွှေ့ရပြီး မိဘတွေနဲ့ ပြန်တွေ့ရတော့ မျက်ရည်မဆည်နိုင်အောင် အရမ်းကို ပျော်ရွှင်မိတယ်” ဟု သူမက ဆိုသည်။
ယခု အသက် ၁၉ နှစ် ရှိပြီဖြစ်သည့် မကိုင်ဂျာသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက မိဘတွေနှင့်အတူ ကချင်ပြည်နယ်၊ မန်စီမြို့ရှိ မိုင်ကောင်း ကေဘီစီစခန်းတွင် နေထိုင်ခဲ့ရသည်။ မနှစ်က သူမသည် လူငယ်ခေါင်းဆောင်အဖြစ် ဒိန်းမတ်ဒုက္ခသည်ကောင်စီ (ဒီအာရ်စီ) စခန်းလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
“ဆယ်ကျော်သက်တွေကို သူတို့ရဲ့အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေ မျှဝေပေးဖို့နဲ့ ရပ်ရွာနဲ့ စခန်းရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ဖို့ ကျွန်မကူညီတယ်” ဟု သူမက ရှင်းပြသည်။
“အပန်းဖြေစရာနေရာတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင်အလေ့အထမရှိတဲ့အကြောင်းတွေ ဆွေးနွေးတဲ့ အပြင် ပုံမှန်လှုပ်ရှားမှုတွေလုပ်ပြီး စခန်းကို သန့်ရှင်းတယ်” ဟု သူမက ဆိုသည်။
တစ်နှစ်အကြာတွင် မကိုင်ဂျာဟာ ဒီလူငယ်ဆိုင်ရာ ပဏာမခြေလှမ်းကနေ အသီးအပွင့်တွေကို မြင်ရပြီ ဖြစ်သည်။
“ဆိုးသွမ်းတဲ့ ကလေးတွေတောင် အများကြီး ပြောင်းလဲသွားတယ်။ ဘယ်လိုနားထောင်ရမယ်၊ ထိရောက်တဲ့နည်းလမ်းနဲ့ ဘယ်လို ပါဝင်ဆောင်ရွက်ရမယ်ဆိုတာကို သူတို့သိလာတယ်။ သူတို့ရဲ့ တစ်ကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အလေ့အထတွေတောင် ပြောင်းလဲလာတယ်။ တဖြည်းဖြည်းနဲ့ မလိုလားအပ်တဲ့အရာတွေမှာ အာရုံမစိုက်တော့ဘူး။ သူတို့ရဲ့ ရပ်ရွာနဲ့ သူတို့ဘဝ တိုးတက်နိုင်မယ့် အရာတွေကိုသာ အာရုံစိုက်လာတယ်” ဟု သူမက တက်ကြစွာ ပြောခဲ့သည်။
အဆိုပါ အပတ်စဉ်အစည်းအဝေးများက ပြောင်းလဲပေးလိုက်သည်မှာ ငယ်ရွယ်သည့် ယောက်ျားလေး၊ မိန်းကလေးများတင် မဟုတ်ပါဘူး။
“ကျွန်မလည်း ပြောင်းလဲသွားတယ်။ ကျွန်မရဲ့အဖွဲ့ကနေ သင်ခန်းစာကောင်းတွေနဲ့ အတွေ့အကြုံတွေ ရတယ်။ ကျွန်မလည်း ပိုပြီး ကောင်းမွန်တဲ့သူ ဖြစ်လာတယ်လို့ ခံစားရတယ်” လို့ မကိုင်ဂျာက ဆိုသည်။
လူငယ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူမ အလုပ်လုပ်သဖြင့် မကိုင်ဂျာမှာ ယူနီဆက်ဖ်နှင့် ActionAid တို့က ပံ့ပိုးပြီး လူမှုဖူလုံရေး၊ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ ပထမအကြိမ် လူငယ်ညီလာခံကို တက်ရောက်ရသူ ၄၀၀ ထဲတွင် ပါဝင်ခဲ့သည်။
ယူနီဆက်ဖ်မှ သြစတြေးလျ အမျိုးသားကော်မတီက ငွေကြေးပံ့ပိုးသည့် ယင်းပွဲတွင် နိုင်ငံတစ်ဝန်းက တိုင်းရင်းသား လူငယ်များ ရင်ဆိုင်နေရသော ပြဿနာအရပ်ရပ်ကို ဆွေးနွေးခွင့်ရခဲ့သည်။ အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်း၏ အဓိက အချက်တစ်ချက်ဖြစ်သည့် နိုင်ငံတော်၏ လူငယ်မူဝါဒ ရေးဆွဲရာ တွင်ပါဝင်သော အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များကို လမ်းညွှန်ရန်ရည်ရွယ်သည့် ယင်းဆွေးနွေး ပွဲတွင် အကြံပြုချက်များစွာ ထွက်ရှိလာခဲ့သည်။
“လူငယ်များအတွက် လူငယ်များပြုလုပ်တဲ့ ဒီပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံဟာ ဖန်တီးနိုင်စွမ်းရှိပြီး တက်ကြွစွာလုပ်ရည်ကိုင်ရည်ရှိတဲ့ (လူငယ်)အုပ်စုကနေ ဘာအရံအတားမှမရှိဘဲ သူတို့ရဲ့ အလေးထား မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ သူတို့အိပ်မက်တွေကို တိုက်ရိုက်နားထောင်ရဖို့ အကောင်းဆုံးနည်းလမ်းပါပဲ” ဟု မြန်မာနိုင်ငံ အတွက် ယူနီဆက်ကိုယ်စားလှယ် ဘာထရန်ဘိန်ဗဲလ်က ပြောခဲ့သည်။
“လူငယ်လူရွယ် မိန်းကလေး၊ယောက်ျားလေးတွေဟာ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးရေးအတွက် အဓိက သော့ချက်ဖြစ်ပါတယ်။ ဒီနေ့မှာ သူတို့ရဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ဖို့လိုတယ်။ သင့်လျော်တဲ့ မူဝါဒတွေ၊ ပရိုဂရမ်တွေနဲ့ ဝန်ဆောင်မှုတွေ သတ်မှတ်ရမယ်။ ဒါမှ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်နိုင်မယ့် မျိုးဆက်သစ် ဖြစ်လာနိုင်မယ်” ဟု ၎င်းက ဆိုသည်။
ဓာတ်ပုံ- ယူနီဆက်ဖ်မြန်မာ/၂၀၁၆/မျိုးသိမ်း |
နှစ်ရက်တာ ဆွေးနွေးမှုအပြီးတွင် ပါဝင်ဆွေးနွေးသူများက ညီလာခံတက်ရောက်လာသော လူမှုဖူလှုံရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့် အလှူရှင်များအား အကြံပြုချက် အတော်များများကို တင်ပြခဲ့ရာ အောက်ပါအချက်များ ပါဝင်သည်။
- ကျောင်းများတွင် လိင်ပညာပေးအစီအစဉ်ပါဝင်သင့်သည်။ ဒါ့အပြင် အားကစား၊ ကျန်းမာရေး၊ အစားအစာ၊ ရေသန့်နှင့် မိလ္လာစနစ်ကောင်းမွန်သော သန့်စင်ခန်းများအတွက်လည်း စဉ်းစား သင့်သည်။
- ဆက်ကျော်သက်များအတွက် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးနှင့် သင်တန်းများ လိုအပ်သည်။ ယင်းတို့မှာ အလုပ်အကိုင်အခွင့်အရေး တိုးတက်စေပြီး အလုပ်တွင် ခေါင်းပုံဖြတ်ခံရမှု မရှိအောင် ကာကွယ်နိုင်ရန် အသုံးဝင်လိမ့်မည် ဖြစ်သည်။
- ဘေးအန္တရာယ်ကျရောက်လာလျှင် လူငယ်များလည်း အချိန်မီ အကူအညီပေးသင့်သည့်အတွက် သဘာဝ ပတ်ဝန်းကျင် ကာကွယ်မှုနှင့် ဘေးအန္တရာယ်လျော့နည်းရေးဆိုင်ရာ ပညာပေး အစီအစဉ်ကိုလည်း လူငယ်များ အတွက် ပြုလုပ်ပေးရန်လိုအပ်သည်။
- အကြမ်းဖက်မှု၊ အနိုင်ကျင့်မှုနှင့် စော်ကားမှုစသည့် ကိစ္စရပ်များကို လူငယ်များ တိုင်ကြားနိုင်ရန် အတွက် အကူအညီပေးရေးစင်တာများကိုလည်း တည်ထောင်သင့်သည်။
- လူငယ်များကြား မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရန်အတွက် ကျောင်းများနှင့် ရပ်ရွာများတွင် ပညာပေး အစီအစဉ်များ ပြုလုပ်သင့်သည်။ အားကစား နှင့် အခြား အပန်းဖြေစရာ ဆောင်ရွက်မှုများ ဖန်တီးကာ ဥပဒေကို တင်းတင်းကျပ်ကျပ်ပြုလုပ်ပြီး ဘိန်းစိုက်သူများကို အခြားအသက်မွေးဝမ်း ကျောင်းလုပ်ငန်း ဖန်တီးပေးသင့်သည်။
- တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး တည်ဆောက်ရန်၊ ပျက်ဆီးနေသော လမ်းတံတားများကို ပြန်လည်တည်ဆောက်ရန်၊ မြေမြှုပ်မိုင်းများဖယ်ရှားရန်၊ ကျန်းမာရေး ဝန်ဆောင်မှုများပေးရန်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာများတွင် ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးရေး ပြုလုပ်ပေးရန်တို့ကို လူငယ်များက တိုက်တွန်းသည်။
“ဒီညီလာခံက စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဖန်တီးဖို့အတွက် အားကောင်းတဲ့ အမှာစကားကို ဖြန့်ဝေ ပေးဖို့ အခွင့်အရေးတစ်ခုပါ။ အဲဒါကို ကျွန်မတို့ စောင့်နေစဉ်မှာ ပဋိပက္ခဖြစ်ရင်တောင် ပညာရေးကို မရပ်သင့်ပါဘူး။ ပညာရေးက အရေးကြီးပြီး ကျွန်မတို့နိုင်ငံရဲ့အနာဂတ်ကို ပြောင်းလဲအောင် လုပ်နိုင်တဲ့ အတွက် ကလေးငယ်နဲ့ လူငယ်တွေ ကျောင်းသွားရမယ်” ဟု မကိုင်ဂျာက အခိုင်အမာ ပြောခဲ့သည်။
No comments:
Post a Comment