Monday, February 10, 2020

အတူတူသင်ကြားခြင်းက ကလေးငယ်တွေကို ရင်းနှီးစည်းလုံးစေ

ကျောင်းသားဘဝတစ်လျှောက် အတူတူသင်ကြား ကစားခြင်း
ရေးသားသူ - အိသူဇာ

မမြတ်နိုးခန့်နဲ့ မလှလှအောင်တို့နှစ်ယောက် ပြေးလမ်းပေါ်မှာ မြန်နိုင်သမျှ မြန်မြန်ပြေးနေကြပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က အစိုးရစာသင်ကျောင်းရဲ့ မီတာ ၄၀၀ လက်ဆင့်ကမ်းပြေးပွဲမှာ ပါဝင်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး ကျောင်းသားတွေနဲ့ ဆရာဆရာမတွေက သူတို့ကို စိတ်လှုပ်ရှားတက်ကြွစွာ  အားပေးနေကြပါတယ်။ 

ပန်းတိုင်နားရောက်တဲ့အချိန်မှာပဲ အသင်းခေါင်းဆောင်ဖြစ်တဲ့ မမြတ်နိုးခန့်က လဲကျသွားခဲ့ပါတယ်။ သူက သိပ်ကိုစိတ်ပျက်သွားပြီး “နောက်တစ်ခါကျရင် သမီးအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်”လို့ ဝမ်းပမ်းတနည်းနဲ့ ပြောရှာပါတယ်။ ဒါပေမဲ့ မြတ်နိုးခန့်လေးကို သူ့အသင်းသားတွေက နားလည်ပေးတဲ့အတွက် စိတ်ပူစရာမလိုပါဘူး။ သူ့ကို သူ့ရဲ့ချစ်ရတဲ့သူငယ်ချင်း မလှလှအောင်က အားပေးနှစ်သိမ့်ပေးခဲ့ပါတယ်။

©UNICEF Myanmar/2020
မမြတ်နိုးခန့်နဲ့ မလှလှအောင်က တိုင်းရင်းသားမျိုးနွယ်၊ ဘာသာအသိုက်အဝန်းမတူကြပေမဲ့လည်း သိပ်ကိုရင်းနှီးတဲ့ သူငယ်ချင်း နှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးက အားကစားကို ဝါသနာပါသူလေးတွေပါ။ သမီးငယ် နှစ်ဦးစလုံးက အသက် ၁၃ နှစ်ဖြစ်ပြီး အစိုးရကျောင်းမှာ ၈ တန်းတက်ရောက်နေကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကျောင်းမှာ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်နဲ့ မွတ်စလင်ဘာသာဝင် အပါအဝင် တိုင်းရင်းသားမျိုးနွယ်၊ ဘာသာမတူကွဲပြားတဲ့ ကျောင်းသူကျောင်းသားပေါင်း ၃၀၀ ကျော်ရှိပြီး အားလုံးအတူတကွ သင်ကြားလျက်ရှိပါတယ်။

Thursday, January 30, 2020

၁၀ နှစ်တာ …


လက်ပွတ္တာမြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေး
Dr. Monn

၂၀၁၉ ခုနှစ်၊ မြန်မာနိုင်ငံ – ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို စောင့်ကြည့်စစ်ဆေးဖို့အတွက် မဖြူစင်ဝေတစ်ယောက် လက်ပွတ္တာမြို့နယ်လေးကို ပြန်လည်ရောက်ရှိလာတဲ့အခါမှာ ပြန်ပြောင်းအမှတ်ရစရာတစ်ခုရှိခဲ့ပါတယ်။ လက်ရှိမှာ ယူနီဆက်မြန်မာရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဆက်သွယ်ရေးအရာရှိတစ်ဦးအနေနဲ့ ရန်ကုန်မြို့မှာ အခြေစိုက်တာဝန်ထမ်းဆောင်နေသူ ဖြူဟာ ၂၀၀၉-၂၀၁၀ ခုနှစ်က လက်ပွတ္တာမြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။

မြန်မာနိုင်ငံရဲ့ ဆိုးရွားကြောက်မက်ဖွယ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန် ၂၀၀၈ ခုနှစ် မေလမှာ ဖြူက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဆိုင်ရာ ဖက်ဒရေးရှင်းမှာ သတင်းပေးပို့ခြင်းဆိုင်ရာအရာရှိတစ်ဦးအနေနဲ့ ဖျာပုံမြစ်ဝကျွန်းပေါ်ဒေသ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စတင်ကူညီပေးခဲ့ပါတယ်။ သူမက မုန်တိုင်းသင့်ရွာတွေကိုသွားမယ့် လှေမီဖို့အတွက် မနက်အစောကြီးထပြီး လှေဆိပ်ဆင်း၊ ညမိုးချုပ်မှ ပြန်လာခဲ့ရတာတွေကို မှတ်မိနေပါသေးတယ်။

©UNICEF Myanmar/2019/Kaung Htet
ခုနစ်လခန့်ကြာပြီးနောက်မှာ သူမက ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) မှာ သတင်းပေးပို့ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် မြစ်ဝကျွန်းပေါ်ဒေသမှာလုပ်ကိုင်လျက်ရှိတဲ့ အဖွဲ့အစည်းပေါင်း ၂၀ကျော်နဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ UNOCHA က သူ့ရဲ့ရုံးတွေကို ပိတ်လိုက်တဲ့အခါမှာ သူမဟာ အာဆီယံဘက်မှ Tripartite Coordination Office မှာ ပံ့ပိုးရေးအရာရှိတစ်ဦးအနေနဲ့ တာဝန်ယူခဲ့ပြီး ရပ်ရွာအသိုက်အဝန်းလိုအပ်ချက်တွေကို ဆန်းစစ်အကဲဖြတ်ပြီး အဖွဲ့အစည်းပေါင်း ၃၅ ခုကျော်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ မတူညီတဲ့ပရောဂျက်အမျိုးအစားများစွာရှိခဲ့ကာ ဖြူက အချက်အလက်တွေကို အချိန်နဲ့တပြေးညီပြင်ဆင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ ရှိနှင့်ပြီးအဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းအသစ်တွေဆီကိုပါ အဆိုပါအချက်အလက်တွေကို ဖြန့်ဝေပေးဖို့အတွက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ရပ်ရွာမှ ပူးပေါင်းပါဝင်တဲ့အတွက် ကာကွယ်ဆေးထိုးနှံရာမှာ အောင်မြင်မှုရရှိ

ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးနှံရေးစီမံချက်
Dr. Monn

“မြို့နယ်အဆင့်ထောက်ခံအားပေးမှုတွေက ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးနှံရာမှာ အောင်မြင်မှုရဖို့ အဓိကကျတဲ့အချက်ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ လက်ထောက် ပြည်သူ့ကျန်းမာရေးအရာရှိ ဒေါက်တာစိုးသက်က ရှင်းပြခဲ့ပါတယ်။

ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ အစုလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းမှာ သုံးရက်ကြာပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၃၄ မြို့နယ်မှာ ဆောင်ရွက်ခဲ့ကြပါတယ်။ ယခုအခေါက်ကတော့ ပထမအဆင့်ဖြစ်တဲ့ မြို့နယ်ပေါင်း ၉၆ မြို့နယ်ကို လွှမ်းခြုံခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်းမှာ ပြုလုပ်တာဖြစ်ပါတယ်။ ယခုအခါ ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းမှာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ မြို့နယ်စလုံးသို့ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ကျောင်းအုပ်ဆရာ/ဆရာမကြီးများရဲ့ ထိရောက်တဲ့ ထောက်ခံအားပေးမှုတွေနဲ့ မြောင်းမြမြို့နယ် ၉ ရပ်ကွက်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြတ်သာက ကာကွယ်ဆေးထိုးနှံရေးစုရပ်တစ်ခုအဖြစ် သူဌေးကုန်း မူလတန်း ကျောင်းက စာသင်ခန်းတွေကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ပုံမှန်စာသင်ခန်းတွေကတော့ အနှောင့်အယှက်မရှိဘဲ ဆက်လက်သင်ကြားခဲ့ကြပါတယ်။


©UNICEF Myanmar/2019/Kaung Htet
ကာကွယ်ဆေးထိုးနှံမယ့်နေ့မတိုင်မီမှာ ဦးမြတ်သာက ဒေသခံလုပ်အားပေးတွေကို စုစည်းပြီး ပိုစတာတွေ တပ်ဆင်ခြင်း၊ အများပြည်သူသိရှိအောင် ကြေညာခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ သူက အသက် ကိုးလကနေ ငါးနှစ်ခွဲကြား ကလေးငယ်ရှိတဲ့အိမ်တိုင်းကို ကာကွယ်ဆေးထိုးနှံဖို့ ဖိတ်စာကတ်တွေပေးပို့ခဲ့ပါတယ်။ စာရင်းရှိ ကလေးငယ် ၁၃၅ ဦးလုံး လာရောက်ထိုးနှံခဲ့ကြတဲ့အပြင် အနီးအနားရပ်ကွက်က ကလေးငယ်တွေကလည်း ကာကွယ်ဆေးလာရောက်ထိုးနှံကြတဲ့အတွက် ကာကွယ်ဆေးထိုးနှံသူအရေအတွက်က မျှော်မှန်းထားတာထက် ပိုများခဲ့ပါတယ်။ ဒေသခံလုပ်ငန်းတွေက ကာကွယ်ဆေးလာရောက်ထိုးနှံတဲ့ ကလေးငယ်တိုင်းကို ကြက်ဥပြုတ် တစ်လုံးစီနဲ့ မုန့်တွေဝေပေးခဲ့ကြပါတယ်။

Monday, January 27, 2020

ကလေးငယ်များမှ ကလေးငယ်များအကြောင်း ရုပ်ရှင်များရိုက်ကူး

ပညာရေးအတွက် ကလေးများရဲ့ သဘောထားအမြင်များ
Axelle Chazal

အသက် ၁၂ နှစ်အရွယ် ဖြိုးမင်းထွန်းတစ်ယောက် သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။ သူက ရခိုင်ပြည်နယ် တောင်ပိုင်း လင်းသာက သူ့ရဲ့အိမ်လေးကို ခေါ်ဆောင်သွားပြီး ရိုက်ကွင်းကိုပြန်လည်ဖန်တီးပြရင်း ကင်မရာရှေ့မှာ သရုပ်ဆောင်ပြ စကားပြောပြခဲ့ပါတယ်။ လွန်ခဲ့တဲ့သုံးလလောက်ကအထိ ဖြိုးမင်းထွန်းဟာ ဖယောင်းတိုင်မီးနဲ့ပဲ အိမ်စာလုပ်ခဲ့ရတာပါ။ အခုတော့ သူ့အိမ်မှာ လျှပ်စစ်မီးရရှိပြီဆိုတော့ သူ့ဘဝပြောင်းလဲလာခဲ့ပါပြီ။ Enlighted (ဉာဏ်အလင်း) ဆိုတဲ့ သူ့ရဲ့တစ်မိနစ်စာဗီဒီယိုလေးက လျှပ်စစ်မီးသီးတစ်လုံးဟာ ကလေးတစ်ယောက်ရဲ့ဘဝကို ဘယ်လိုကွဲပြားခြားနားသွားအောင် ဖန်တီးပေးခဲ့တယ်၊ ကလေးငယ်ပေါင်း များစွာဟာ ပညာရေးဆုံးခန်းတိုင်ဖို့အတွက် အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်နေရဆဲဖြစ်တယ်ဆိုတာကို ဆင်ခြင်သုံးသပ်နိုင် စေခဲ့ပါတယ်။ ဒီဗီဒီယိုလေးက ရခိုင်ပြည်နယ် သံတွဲမြို့နယ်က နောက်ခံအနေအထား၊ တိုင်းရင်းသား၊ ကိုးကွယ်ရာသာသာမတူညီတဲ့ ကလေးငယ် ၁၉ ဦးရဲ့ ကျောင်းအတွေ့အကြုံတွေကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားငယ် ၁၉ ကားထဲက တစ်ကားပဲဖြစ်ပါတယ်။

©UNICEF Myanmar/2020/Axelle Chazal

Thursday, January 16, 2020

ကလေးငယ်များအား အိမ်တွင်းအကြမ်းဖက်မှုများမှ ကာကွယ်ပေးခြင်း


ကလေးငယ်များကို ဘေးကင်းလုံခြုံအောင်ထားခြင်း
တင်ထက်ပိုင်

၁၃ နှစ်အရွယ် မန်လမ်ကျိန်ရယ်၊ ၆ နှစ်နဲ့ ၈ နှစ်အရွယ် မောင်လေးနှစ်ယောက်ရယ်ဟာ ဘဝတစ်လျှောက်လုံး ဆိုးရွားတဲ့ အခြေအနေတစ်ခုမှာ နေထိုင်ခဲ့ကြရပါတယ်။

နေ့တိုင်း နေ့လယ် ၃ နာရီလောက်ဆို ဖခင်ဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဟောက်ရှန်းမန် တစ်ယောက် ရွာထဲကဆိုင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အရက်သောက်လေ့ရှိတယ်။ နာရီပိုင်းလောက်ကြာတာနဲ့ သူက သူတို့ရဲ့ အမေဖြစ်သူနဲ့စပြီးစကားများရန်ဖြစ်ကာ ရိုက်နှက်တာ၊ နံရံကိုလက်သီးနဲ့ထိုးတာတွေလုပ်ပါတယ်။ မိခင်က ဒေါသတကြီးထွက်သွားပြီး ညဘက်အိမ်ပြန်မလာတော့ဘူး။ ဒီလိုအချိန်မျိုးတွေမှာ မန်လမ်ကျိန်တစ်ယောက် ဖခင်ဖြစ်သူကို ကြောက်ရွံ့ပြီးအိပ်မပျော်ခဲ့ပါဘူး။ သူက အိပ်မက်ထဲမှာတောင် ရှိုက်ငိုနေတဲ့ မောင်လေးနှစ်ယောက်ကို နှစ်သိမ့်ပေးခဲ့ရပါတယ်။

©UNICEF Myanmar/2019/Minzayar Oo
“တစ်ခါတုန်းက အဖေက အမေ့ကို ပုဆိန်နဲ့ပစ်ပေါက်တော့မလို့။ အိမ်နီးချင်းတွေက ဝင်ပြီးတားခဲ့ရတယ်” လို့မန်လမ်ကျိန်က ပြန်ပြောပြပါတယ်။ “ဒါတွေအားလုံးက အဖေအရက်သောက်လို့ ဖြစ်ရတာ။ သမီး အဖေ့ကို အရက်မသောက်ဖို့ပြောပေမဲ့ အဖေက မဖြတ်နိုင်ဘူးလို့ ပြောတယ်။”
သူတို့အိမ်မီးလောင်ပျက်စီးသွားတဲ့အတွက် အခုဆိုရင် သူတို့မိသားစုက ရွာကကူညီဆောက်ပေးထားတဲ့ သစ်သားအိမ်လေး တစ်လုံးမှာ နေထိုင်နေကြပါတယ်။ မန်လမ်ကျိန်နဲ့ မောင်လေးတွေဟာ ချင်းပြည်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲက ရွာနဲ့နီးတဲ့ တွန်းဇံအလယ်တန်းကျောင်းမှာ တက်ရောက်နေကြပါတယ်။ သူတို့ရဲ့ အရက်စွဲနေတဲ့ဖခင်နဲ့ မိခင်တို့ဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပြီး ကျောင်းဝတ်စုံဝယ်ပေးဖို့ မတတ်နိုင်ကြပါဘူး။

ချင်းပြည်နယ်ရှိ သင်ကြားရေးမှာ မိခင်ဘာသာစကားက အထောက်အကူပြု


ရှေးဦးအရွယ်ကလေးသူငယ်ဘဝ ပညာရေး
တင်ထက်ပိုင်

ဝေးလံပြီးသီးသန့်တည်ရှိရာ ချင်းပြည်နယ်မြောက်ဖျားက ထူထပ်လှတဲ့ တိမ်စိုင်တိမ်လိပ်တွေနဲ့ မြင့်မားမတ်စောက်လှတဲ့ တောင်တန်းတွေကြားမှာ ဒေသခံဘာသာစကားအမျိုးအမျိုး ပြောဆိုကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၅၀ ကျော်နေထိုင်ကြပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ အဓိကစာသင်ကျောင်းသင်ရိုးကို နိုင်ငံရဲ့ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာဘာသာ(ဗမာ)နဲ့ သင်ကြားကြပါတယ်။ မကြာသေးမီကာလအထိ တိုင်းရင်းဘာသာစကားနဲ့ သင်ကြားခြင်းကို ခွင့်မပြုခဲ့ကြပါဘူး။ သို့သော်လည်း ဒီနေ့မှာတော့ မြန်မာနိုင်ငံတစ်ဝန်းက ပညာရေးကဏ္ဍမှာ ဒေသသုံးဘာသာစကားတွေကို အသုံးပြုခြင်းဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လာခဲ့ပါပြီ။
©UNICEF Myanmar/2019/Minzayar Oo

“ကျွန်မတို့ငယ်ငယ်က ကျွန်မတို့အတန်းဖော်တော်တော်များများဟာ ဘာသာစကားအခက်အခဲကြောင့် မူလတန်းကျောင်းပြီးတာနဲ့ ကျောင်းထွက်ကုန်ကြတယ်။ သူတို့က မြန်မာဘာသာနဲ့သင်တဲ့ဘာသာရပ်တွေကို နားမလည်ကြဘူး” လို့ ဇိုလူမျိုးတို့ အများအားဖြင့် တီးတိန်ဘာသာစကားပြောဆိုကြတဲ့ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် နိန်ဇာမန်က ရှင်းပြပါတယ်။

ကလေးငယ်တွေကို ကောင်းကောင်းမွန်မွန် ကျွေးနိုင်ဖို့ မိဘတွေရဲ့ ယုံကြည်မှု တည်ဆောက်ခြင်း

Alessia Radice

မြန်မာနိုင်ငံ အနောက်မြောက်ဖျား ချင်းပြည်နယ်ရဲ့ ထန်မွာန် (Thangmual) တောင်ကုန်းတွေပေါ်က မနုလွန်းတစ်ယောက် သူ့ရဲ့ ခုနစ်နှစ်အရွယ်သမီးငယ်လေးကို ကျန်းကျန်းမာမာ ထက်ထက်မြက်မြက်နဲ့ ကြီးပြင်းလာဖို့မျှော်လင့်မိပါတယ်။ အမေအများစုလိုပဲ မနုလွန်းဟာလည်း သူ့သမီးလေးကို အကောင်းဆုံးတွေပဲဖြစ်စေချင်တယ်ဆိုပေမဲ့ ဒီလိုကလေးအရွယ်သေးသေးလေးကို နည်းမှန်လမ်းမှန်နဲ့ဘယ်လိုကျွေးရမလဲဆိုတာကို သေချာမသိဘူးဖြစ်နေပါတယ်။
 မနုလွန်းက သူမရဲ့သမီးလေး၊ ခင်ပွန်း၊ ယောက္ခမ၊ ၁၂ နှစ်အရွယ် တူလေးတစ်ယောက်ရယ်နဲ့အတူ သစ်သားအိမ်လေးတစ်လုံးမှာ နေကြပါတယ်။ သူက ဆီနဲ့ဆန်ကို ဈေးထဲကနေ ဝယ်လေ့ရှိပေမဲ့ သူတို့ မိသားစုအတွက် စားစရာအများစုက သူတို့အိမ်က စိုက်ခင်းနဲ့ ယောက်ျားဖြစ်သူ အလုပ်လုပ်တဲ့ လယ်ထဲကနေရတာ များပါတယ်။

သူမရဲ့ခုနစ်နှစ်အရွယ် သမီးငယ်ကိုအစာကျွေးနေတဲ့ မနုလွန်း။
©17 Triggers/ Myanmar/2019/Camilla Zanzanaini 
အာဟာရအကြောင်း သိရှိစေဖို့အတွက် မနုလွန်းဟာ တီးတိန်က အရန်သားဖွားဆရာမတွေ ဦးစီးတဲ့ ဒေသခံအမျိုးသမီး အဖွဲ့ဆွေးနွေးပွဲကို တက်ရောက်ဖြစ်ခဲ့ ပါတယ်။ သူမရဲ့ယောက္ခမဖြစ်သူကလည်း သူ့အပေါ် သြဇာလွှမ်းမိုးမှုရှိတယ်။ သူ့ကလေးကို ဘာတွေကျွေး သင့်တယ်၊ ဘာတွေမကျွေးသင့်ဘူး၊ အစာကို ဘယ်လို ပြင်ဆင်ရမယ် စတာတွေပြောလေ့ရှိပါတယ်။