Wednesday, September 7, 2016

အစွန်အဖျားကျေးရွာများရှိ ကျောင်းများတွင် WASH ကြောင့် ပြောင်းလဲမှုများ


နော်ဆေးဖောကို ယူနီဆက်ဖ် မော်လမြိုင်ရုံးမှ WASH အရာရှိ ဒေါ်ခင်မာဝင်းက အင်တာဗျူးပါသည်


ကျွန်မနာမည် နော်ဆေးဖောပါ။ ကြာအင်းဆိပ်ကြီး မြို့နယ်၊ သဲကျွဲကော်ရွာ မူလလတန်းကျောင်းက ကျောင်းဆရာမပါ။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ ရှိတဲ့ ကရင်ပြည်နယ်ရဲ့ အစွန်အဖျားကျတဲ့ ကျေးရွာ လေးမှာ ကျွန်မ စာသင်နေတာ တစ်နှစ်လောက် ရှိပါပြီ။ ကျောင်းမှာ ကျောင်းသား အယောက် ၃၀ ရှိတယ်။



သူမအကြောင်းကို ပြောပြနေတဲ့ နော်ဆေးဖော©ယူနီဆက်ဖ်မြန်မာ/၂၀၁၅/ခင်မာဝင်း


သဲကျွဲကော်ရွာက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) ထိန်းချုပ်ထားတဲ့ ရွာတစ်ရွာပါ။ အစိုးရမြို့နယ်အုပ်ချုပ်ရေးရဲ့ ကြီးကြပ်မှုအောက်မှာ မရှိဘူး။ ကရင်ပြည်နယ်အတွင်းက EAO တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအဖွဲ့ (KNU) ဧရိယာထဲမှာရှိတယ်။

ဒီမြို့ထဲက ရွာတော်တော်များများမှာ လူမှုဝန်ဆောင်မှုတွေက အလုံလောက်မရှိဘူး။ သဲကျွဲကော်ရွာ လည်း အဲဒီထဲမှာပါပြီး ကျေးရွာသားတွေမှာ လျစ်လျူရှုခံထားရတယ်။ နှစ်စဉ် ကျောင်းသားတစ်ဝက် လောက်က ဝမ်းပျက်ဝမ်းလျော ဖြစ်တယ်။ ဒါကြောင့် ကျောင်းခဏခဏ ပျက်ရတယ်။ ၂၀၁၅ ခုနှစ် သြဂုတ်လတုန်းက ရွာထဲမှာ ကာလဝမ်းရောဂါဖြစ်ပြီး ကျောင်းသား ၁၀ ယောက်ကျော်ဟာ ဝမ်းပျက်ဝမ်းလျောဖြစ်တာ တော်တော်လေး ဆိုးရွားတယ်။ ကလေးတစ်ယောက်ဆို သေသွားတယ်။ ဒီအခြေအနေဟာ ဒီရွာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့တယ်။ ရွာသားတွေမှာ ဝမ်းပျက် ဝမ်းလျောခြင်းကို ဘယ်လိုကာကွယ်ရမယ်မှန်း လည်းမသိခဲ့ဘူး။ ရိုးရာနည်းလမ်းတွေနဲ့ပဲ ကုသခဲ့ကြ တယ်။

ဒါဟာ အန္တရာယ်ကင်းတဲ့ရေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေအိမ်တွေ၊ လက်ဆေးဖို့ လိုအပ်တဲ့ပစ္စည်းတွေ မရှိတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အလေ့အကျင့်ကောင်းတွေ လိုအပ်တယ်ဆိုတာ မသိကြ တာဟာ ဒီရောဂါဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းအချို့ ဖြစ်နိုင်တယ်ဆိုတာ ကျွန်မ သဘောပေါက်တယ်။ ဒီသဲကျွဲကော်ရွာမှာ တစ်ရွာလုံး ရေအိမ်မရှိကြဘူး။ ကျောင်းမှာတောင် မရှိဘူး။ အဲဒီတော့ ရွာသားတွေရော ကျောင်းသားတွေပါ ကြုံရာနေရာမှာ အညစ်အကြေးစွန့်ကြတယ်။

ဒီအခြေအနေဖြစ်လာတော့ ဝမ်းပျက်ဝမ်းလျောရောဂါကို ကာကွယ်ဖို့ ဘယ်လိုကူညီရမယ်ဆိုတာ ကျွန်မ စစဉ်းစားဖြစ်တယ်။ တစ်နေ့မှာ ယူနီဆက်ဖ်က NGO PU-AMI နဲ့ ပြည်နယ် ကျန်းမာရေးဌာနကတစ်ဆင့် ကျွန်မတို့ရွာလေးရဲ့ ကျောင်းရေနဲ့ သန့်ရှင်းရေးမှာ ကူညီဖို့ စီစဉ်နေတယ်လို့ ကျွန်မကြားတယ်။ ဒါကြောင့် ရပ်ရွာဆွေးနွေးပွဲတွေမှာ ကျွန်မ ပါဝင်ခဲ့တယ်။ တစ်ကိုယ်ရေသန့််ရှင်းရေး (WASH) အဆောက်အဦတွေ တည်ဆောက်ရာမှာ ကျောင်းတွေကို ပံ့ပိုးပေးဖို့ ယူနီဆက်ဖ်က စီစဉ်ခဲ့တယ်။ အဲဒီစီမံကိန်းထဲမှာ ကျွန်မရဲ့ကျောင်းလေးလည်း ပါဝင်ခဲ့ပါတယ်။

 
©ယူနီဆက်ဖ်မြန်မာ/၂၀၁၅/တင်အောင်

ယူနီဆက်ဖ်ရဲ့ ပံ့ပိုးမှုနဲ့ ပြည်တွင်း NGO (PU-AMI) က ကျွန်မတို့ကျောင်းမှာ ရေအိမ်အသစ်တွေ တည်ဆောက်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေးအကြောင်း သင်ကြားပို့ချမှုတွေ ပြုလုပ်တယ်။ ဆရာမ တစ်ယောက်အနေနဲ့ ကျွန်မလည်း ဒီအကြောင်းအရာကို သတိပြုမိရေးလှုပ်ရှားမှုတွေနဲ့ အသိပညာပေး သင်ကြားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်မရဲ့ကလေးတွေက သန့်ရှင်းတဲ့ရေအိမ်တွေ အသုံးပြုပြီး လက်တွေ ဆေးကြောကြတာကို မြင်ရတာ ကျွန်မ အရမ်းဝမ်းသာတယ်။ သူတို့တွေ ရေအိမ်ကို ကောင်းမွန်စွာ သုံးတတ်အောင် နေ့စဉ် ညွှန်ကြားပြသပေးပြီး အုပ်စုလိုက် လုပ်ဆောင်စေတဲ့ လက်ဆေးခြင်းအလေ့အကျင့် လုပ်ပေးတယ်။ ပျော်စရာလည်း ကောင်းပါတယ်။

လက်ဆေးခြင်းနဲ့ သန့်ရှင်းရေး အဆောက်အအုံတွေ တည်ဆောက်ပြီးကတည်းက အခြေအနေက သိသိသာသာ ပြောင်းလဲသွားတယ်။ ကလေးတွေမှာ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းလာတာကို မြင်တွေ့ရပြီး ဒီအပြုအမူတွေကို အိမ်မှာလည်း လုပ်ကြတယ်ဆိုတာကို သိရတယ်။ ကလေးတွေမှာ ဝမ်းပျက် ဝမ်းလျှောရောဂါတွေ မဖြစ်တော့ဘူးလို့ မိဘတွေနဲ့ ရပ်ရွာက ပြောကြတယ်။ ဒါကြောင့် သူတို့တွေ ကျောင်းလည်း မပျက်တော့ဘူး။ လအနည်းငယ်လောက် လေ့ကျင့်ပြီးတဲ့နောက် လက်ဆေးခြင်းနဲ့ ရေအိမ်တွေရဲ့ အကျိုးကျေးဇူးတွေကို ရပ်ရွာကလည်း သတိပြုမိသွားတယ်။ အခုဆိုရင် မိသားစု ၅၀ ရာခိုင်နှုန်းက အိမ်မှာ ရေအိမ်တွေ တည်ဆောက်အသုံးပြုနေကြပါပြီ။

တစ်နေ့ကျရင် ဒီကျေးရွာလေးမှာ ဝမ်းပျက် ဝမ်းလျှောရောဂါ လုံးဝမဖြစ်တော့ဘဲ ကျမ်းမာရေးနဲ့ ညီညွတ်တဲ့ ပတ်ဝန်းကျင်ရှိလာမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။

WASH အဆောက်အအုံတွေကို တည်ဆောက်ပေး ပြီး ကလေးတွေရဲ့ အပြုအမူကို ပြောင်းလဲပေးရာမှာ ကူညီပေးတဲ့အတွက် ယူနီဆက်ဖ်နဲ့ PU-AMI တို့ကို ကျေးဇူးတင်ပါတယ်။ ရှင်တို့တွေဟာ ကျွန်မတို့ရဲ့ ရွာလေးက ကလေးများစွာရဲ့အသက်တွေကို ကယ်တင်လိုက်တာပါ။ ကျွန်မရဲ့ကျောင်းသားတွေဟာ ပိုမိုကျန်းမာ လာပြီး စွမ်းဆောင်ရည် ပိုကောင်းလာမယ်လို့ ကျွန်မယုံကြည်ပါတယ်။






No comments:

Post a Comment