ဦးနေမျိုးသူ၊ ကျန်းမာရေးအရာရှိ၊ ယူနီဆက်ဖ်မြန်မာ ရေးသားသည်
ဝက်သက်ရောဂါဖြစ်ပွားတဲ့သတင်းမှာ သေချာသွားတဲ့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ လဟယ်မြို့ကို သွားတဲ့ အဖွဲ့ဝင် ၇ ဦးပါ ကူညီကယ်ဆယ်ရေးအဖွဲ့ထဲမှာ ကျွန်တော်ပါခဲ့ပါတယ်။ မန္တလေးကနေ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အစွန်အဖျားမြို့လေးတစ်မြို့ဖြစ်တဲ့ ခန္တီးမြို့ကို လေယာဉ်နဲ့သွားတယ်။ အဲဒီနောက် ဆင်သေရွာကို ရောက်ဖို့ ချင်းတွင်းမြစ်ကို လှေလေးနဲ့ ဖြတ်ရတယ်။ အဲဒီကနေမှ နာဂရဲ့မြို့တော် လဟယ်ကို ဂျစ်ကားနဲ့သွားတယ်။ ကံကောင်းစွာပဲ လမ်းက ခြောက်သွေ့နေပြီး သွားမယ့်နေရာကို ၆ နာရီတည်းနဲ့ ရောက်သွားတယ်။ မိုးရွာရင် အဲဒီမှာက မြေတွေအရမ်းပြိုတယ်။ အဲဒီတော့ လမ်းတွေပိတ်ပြီး ခရီးက ပိုကြာသွားနိုင်တယ်။ လမ်းကကြမ်း၊ ချိုင့်ခွက်တွေပေါပြီး တချို့နေရာတွေမှာ အရမ်းရွှံ့ထူပေမဲ့ နာဂတောင်တန်းတွေကို ဖြတ်ပြီး ကားစီးရတာ သဘောကျတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြို့နယ်ကျန်းမာရေးဌာနနဲ့ တွေ့ဆုံကာ လဟယ်မြို့တွင်းမှာရှိတဲ့ ရွာ ၉၃ ရွာစလုံးကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်ခဲ့တယ်။ နောက်ပြီး လဟယ်မြို့ မြောက်ဘက်မှာရှိတဲ့ ထန်ကောလမ်မာရွာမှာ ဖြစ်ပွားတဲ့ ပထမဆုံးသေဆုံးမှုတွေအကြောင်း အသေးစိတ် အချက်အလက်တွေကို ကောက်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီမြို့နယ်အတွင်းက ရွာတွေကိုသွားဖို့က ဆိုင်ကယ်နဲ့ပဲ ရတယ်။ ဒါကြောင့် အဖွဲ့ဝင် ၆ ယောက်က ဆိုင်ကယ် ၄ စီးနဲ့ လဟယ်မြို့က ထွက်ခဲ့တယ်။ အစွန်အဖျားအကျဆုံးဒေသနဲ့ ဒေသစိမ်းကို ခရီးသွားရတဲ့အတွက် အရမ်းကိုစားရိတ်ကြီးတဲ့ ခရီးပါ။ နာဂလူမျိုးတွေက မြန်မာစကား မပြောတတ်လေတော့ ဒေသခံ ဘာသာပြန် ၂ ယောက် ငှားရတယ်။ ရွာသားတွေက သူတို့စိုက်တဲ့ ကောက်ပဲသီးနှံတွေကိုပဲ စားတဲ့အတွက် ကိုယ့်အစားအစာကိုယ်လည်း ယူသွားရတယ်။
လဟယ်မြို့ကနေ မနက် ၇ နာရီထွက်တယ်။ တစ်နာရီခွဲလောက်ကြာတော့ မြေအနေအထား ပြောင်းလဲ သွားတာ စတွေ့ရတယ်။ ရွှံ့ထူတဲ့ လမ်းတွေနဲ့ တောလမ်းတွေကို ဖြတ်ရတယ်။ ချောက်ထဲ ပြုတ်ကျလု နီးနီးဖြစ်နေတဲ့ လမ်းကျဉ်းလေးတွေကို သွားရတယ်။ တစ်ခါတလေမှာ မြေပြိုထားလို့ လမ်းပိတ်နေတဲ့ အတွက် ဆိုင်ကယ်ပေါ်ကဆင်းပြီး လမ်းလျှောက်ရတယ်။ ဝါးနဲ့လုပ်ထားတဲ့ ကြိုးတံတားကိုလည်း ဖြတ်ရတယ်။ လမ်းက ရွှံ့ထူပြီး ချောနေတော့ ဆိုင်ကယ်ခဏခဏလဲတယ်။ လမ်းမှာ လောလော လတ်လတ် ချောက်ကမ်းပါးကနေ ပြုတ်ကျနေတဲ့ ဆိုင်ကယ်နှစ်စီးကို မြင်ခဲ့ရတယ်။
လမ်းက အရမ်းကြမ်းပြီး ရွှံ့ထူလွန်းတော့ ဆိုင်ကယ်က အတက်တွေကို မတက်နိုင်တာတို့၊ ရွှံ့ထဲမှာ နစ်နေတာတို့ ဖြစ်တယ်။ အဲဒီလိုဖြစ်ရင် ဆိုင်ကယ်ကို တွန်းပြီး သွားရတယ်။ တကယ်တော့ လိုချင်တဲ့ ပန်းတိုင်တွေကို ရောက်ရှိဖို့ လူနဲ့ ဆိုင်ကယ်က အချင်းချင်းဖေးမပြီ်းသွားရတဲ့သဘောပါပဲ။
အဲဒီလိုနဲ့ ၁၂ နာရီကြာသွားပြီးတဲ့နောက် နောက်ဆုံးမှာ တောင်ခြေကို ရောက်တယ်။ ထန်ကောလမ်မာ ရွာက သိပ်မဝေးတော့ဘူး။ ဒါဟာ ကျွန်တော်တို့ဖြတ်ရမယ့် နောက်ဆုံးတောင်ပဲ။ မိုးကစရွာလာတော့ လမ်းလျှောက်ရတယ်။ ည ၈ နာရီခွဲမှာ ရွာကို ရောက်သွားတယ်။ တောင်ကျရေပိုက်လိုင်း ကျေးဇူးနဲ့ ရေချိုးပြီးတဲ့နောက် ကျောင်းဆရာ/ဆရာမနှစ်ယောက် ပြင်ပေးတဲ့ ညစာကိုစားပြီး အိပ်ယာဝင်လိုက်ကြ တယ်။
နောက်နေ့မနက်မှာ ရှုခင်းတွေကို ကြည့်ပြီး လှပတဲ့ နာဂတောင်တန်းတွေကို ဓာတ်ပုံရိုက်ခွင့်ရခဲ့တယ်။ နေထိုင်ကြတဲ့ လူတွေနဲ့တွေ့ဆုံပြီး ကျွန်တော်တို့ လာရတဲ့ရည်ရွယ်ချက်ကို ရှင်းပြတယ်။ ကာကွယ် ဆေးထိုးမယ့် အစီအစဉ်၊ သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့မိသားစုတွေဆီက လိုအပ်တဲ့ အချက်အလက် တွေကို ရယူဖို့နဲ့ နာဂလူမျိုးတွေရဲ့ ယဉ်ကျေးမှုကို လေ့လာဖို့တွေပေါ့။ ခက်ခဲကြမ်းတမ်း၊ အန္တရာယ်များပြီး ပင်ပန်းလှတဲ့ခရီးဖြစ်ပေမဲ့ နာဂလူမျိုးတွေဆီ ရောက်ပြီး သူတို့ရဲ့ ကလေးငယ်တွေရဲ့ ဘဝတွေကို တိုးတက်အောင် လိုအပ်တာတွေ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အဲဒီအထူးတာဝန်ကို ကျွန်တော် တကယ်ပဲ နှစ်သက်မိပါတယ်။
ဓာတ်ပုံ - ယူနီဆက်ဖ်မြန်မာ/၂၀၁၆/နေမျိုးသူ
နာဂကျေးရွာလေးရဲ့အလှ
|
ဝါးကြိုးတံတား |
ခရီးစဉ်အတွက် ရိက္ခာ |
လူက ဆိုင်ကယ်စီးလိုက်၊ ဆိုင်ကယ်က လူစီးလိုက်နဲ့ သွားခဲ့ရသော ခရီးကြမ်း |
ဆုံးပါးသွားသော ကလေးငယ်များ၏ မိသားစုဝင်များကို မေးမြန်းခြင်း |
စားသုံးနိုင်ရန် သီးနှံများ ကြိတ်နေခြင်း |
အုပ်စုဓာတ်ပုံ - နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဥက္ကဌနှင့် ရောဂါဖြစ်ပွားမှု ကူညီရေးအဖွဲ့ |
No comments:
Post a Comment