Wednesday, November 16, 2016

ယူနီဆက်နှင့် ကျွန်မ၏အလုပ်သင်ဘဝ

၂၀၁၆ နိုဝင်ဘာ (မော်လမြိုင်)၊ ကျွန်မနာမည် ဆုလဲ့နန္ဒာဦးပါ။ ကျွန်မက မော်လမြိုင်တက္ကသိုလ်က ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် UNICEF မော်လမြိုင်အခြေစိုက်ရုံးမှာ ၃လတာ အလုပ်သင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ UNICEF မှာ အလုပ်လုပ်ခွင့်ရလိမ့်မယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ဖူးဘူး။ အခု ကျွန်မ UNICEF မှာ ၃ပတ်ပဲလုပ်ရသေးပေမယ့် ကျွန်မရခဲ့တဲ့ အတွေ.အကြုံက အဖိုးတန်လှပါတယ်။


UNICEF နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မတို့ မူလတန်းကလေးငယ်များအတွက် အရည်အသွေး ကောင်းတဲ့ပညာရေးကို ရရှိနိုင်ရန် ကြိုးစားပေးနေတယ်လို့ ကျွန်မကြားတယ်။ ဒါမယ့် အခုတော့ ဘယ်လောက်တောင်ထိရောက်စွာလုပ်ကိုင်နေသလဲဆိုတာ ကျွန်မကိုယ်တိုင် တွေ.ရှိခဲ့ရတယ်။ စာသင်ခန်းအတွင်း သင်ယူရရှိနိုင်တဲ့ ဘ၀အရည်အသွေးများကို  ကလေးအားလုံးသင်ယူရရှိနိုင်မယ့် အခွင့်အရေးများကို ရရှိနိုင်ရန် UNICEF ကလုပ်ဆောင်ပေးနေပါတယ်။ အကယ်၍ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုမတိုးလာဘူးဆိုရင် ကလေးတွေဟာ အနာဂတ်မှာ လူမှုပတ်ဝန်းကျင် အဆင်မပြေနိုင်သလို ဆင်းရဲမှုမှာပဲ နစ်မြုပ်နေမှာဖြစ်တယ်။ UNICEF ရဲ. ဘာသာစကား၊ နည်းပညာ၊ ပညာရေးစီမံခန့်ခွဲမှု၊ သင်တန်းပံ့ပိုးမှုတို့ကြောင့် ထိခိုက်လွယ်တဲ့ ကလေးတွေကို အဓိကထား ထောက်ပံ့ကူညီပေးနိုင်တယ်။

လက်ထောက်ဌာနေ ကိုယ်စားလှယ်၊ ပညာရေးအဖွဲ.နဲ့အတူ ဘီးလင်းကိုသွားခဲ့တာဟာ ကျွန်မရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။ ဘီးလင်းမြို့ထဲက မြင်သာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို သွားရောက် လေ့လာခဲ့တယ်။ အဲဒီကျောင်းမှာ ကျောင်းသား ၁၀၀ကျော်နဲ့ ဆရာ၊ဆရာမ ၁၀ဦးခန့်ရှိတယ်။ ကလေးအများစုက တောင်ပေါ်ဒေသကလာကြတယ်။ ကလေးတွေဟာ အရွယ်မရောက်ခင် စစ်သား လုပ်ရမှာစိုးတာကတစ်ကြောင်း၊ လက်ထပ်ရမှာစိုးတာကြောင့် ဇာတိမြေကို စွန့်ခွာပြီး ဘုန်းကြီးကျောင်း တွေမှာ ပညာလာသင်ကြတယ်။

ဘုန်းတော်ကြီးသင်ကျောင်းက ဆရာများဟာ  UNICEF ကပေးတဲ့ သင်ကြားမှုစွမ်းရည်မြှင့်သင်တန်းတွေ ရရှိပြီးဖြစ်တယ်။ ဒါကြောင့် ကလေးတွေအားလုံး ပိုမိုတောက်ပလုံခြုံတဲ့ အနာဂတ်ကို ရရှိနိုင်ကြမှာ အသေအချာပါ။

နောက်တစ်ရက် ကျွန်မတို့ သွားခဲ့တဲ့နေရာကတော့ MNEC မွန်အမျိုးသားပညာရေး ကျောင်းပဲဖြစ်ပါတယ်။ အစိုးရပိုင်ကျောင်းတော့မဟုတ်ပါဘူး။ အဲဒီကျောင်းမှာ အဓိကဘာသာစကား (၃) မျိုး သင်ကြားပေးတယ်။ မိခင်ဘာသာစကားဖြစ်တဲ့ မွန်၊ အများသုံးဘာသာစကားဖြစ်တဲ့ မြန်မာ၊ နိုင်ငံတကာသုံးဖြစ်တဲ့ အင်္ဂလိပ်ဘာသာ စကားတွေကို သင်ကြားပေးတယ်။ ကျောင်းလုပ်ငန်းဆောင်ရွက်ခြင်းနဲ့ ငွေကြေးကဏ္ဍအပေါ် စွမ်းဆောင်ရည်မြင့်မားမှု တိုးတက်လာစေရန် UNICEFက ဆရာ၊ ဆရာမများအတွက် နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် စွမ်းဆောင်ရည်မြှင့်သင်တန်းများကို ပေးနေကြောင်း သိရှိခဲ့ရတယ်။

UNICEF ကမူဝါဒတွေ၊ များပြားတဲ့ ချဉ်းကပ်မှုပုံစံများနဲ့ လူမှုပတ်ဝန်းကျင်တွင်းမှာ ချိတ်ဆက်ပေးတယ်။ ဆရာ၊ ဆရာမတစ်ချို. အထူးသဖြင့် မူလတန်းကျောင်းများ၊ မူကြိုကျောင်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများမှ ဆရာ၊ဆရာမများက UAC,SITE,Life skills,LEP trainings တွေကိုရထားပြီးသားဖြစ်တယ်။ ဒီသင်တန်းတွေဟာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုစွမ်းရည်နဲ့ သင်ကြားမှုပုံစံတွေကို မြင့်မားစေပြီး ကျောင်းသားတွေကို သင်ကြားနေချိန်တွင်းမှာ ရလဒ်ကောင်းတွေရလာနိုင်တယ်။


ဒါ့ပြင် ECCD ကြောင့် မူလတန်းကျောင်းမှာ ကျောင်းသားတွေလိုအပ်တဲ့ စာသင်ခန်းတွင်း တက်ကြွစွာ ပါဝင် လာမှု၊ အတန်းမှန်မှုတွေ တိုးတက်မှုရှိလာတာ တွေ.ရတယ်။


UNICEF လက်ထောက်ဌာနေကိုယ်စားလှယ်နဲ့ မော်လမြိုင်နယ်ရုံးတာဝန်ခံတို့က ပညာရေးအဖွဲ့နဲ့အတူ ဘီးလင်းမြို့ပညာရေး တိုးတက်ပြောင်းလဲမှုကို မိဘများ၊ရပ်ရွာလူကြီးများနဲ့ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။

နောက်ခရီးတစ်ခုကတော့ UNICEF ရဲ့ လက်ထောက်ဌာနေ ကိုယ်စားလှယ်၊ ကလေးသူငယ် ကာကွယ်ရေး အဖွဲ့နဲ့အတူ ထပ်မံလေ့လာရာ အဖွဲ့အစည်းက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ဖို့ ခိုင်မာတဲ့ မူဝါဒတွေ ရဖို့ ဘယ်လိုလုပ်နေလဲဆိုတာ သိနားလည်ခဲ့တယ်။ မော်လမြိုင် တက္ကသိုလ်တွင်းမှာရှိတဲ့ Point B ကိုလည်း လေ့လာခဲ့တယ်။ အုပ်စုဖွဲ.ထားတဲ့ ကျောင်းသားအုပ်စုတွေက လမ်းနေကလေးတွေ၊ ကလေး အလုပ်သမားတွေ၊ ကျောင်းထွက်သွားတဲ့ ကလေးတွေအကြောင်းကို လိုက်လံစုဆောင်းခဲ့တယ်။ တစ်ချို့ကျောင်းသားတွေဟာ ငွေကြေးအခက်အခဲကြောင့် ကျောင်းမှထွက်ခဲ့ကြတယ်။ နောက်ပိုင်း ကျောင်းပြန် တက်ချင်တဲ့ ကလေးတွေဟာ UNICEF ကထောက်ပံ့ပေးထားတဲ့ NFPE Center (ကျောင်းပြင်ပ မူလတန်းကျောင်း) မှာ သွားရောက်ပညာသင်ကြတယ်။ ၂၀၁၆-၂၀၁၇ မှာ မွန်ပြည်နယ်လေ့လာချက်အရ Center ၅၆ ခုမှာ တက်ရောက်သူ ၁၀၃၄ ဦးထိတိုးတက်လာခဲ့တယ်။ ကျွန်မသွားရောက်လေ့လာခဲ့တဲ့နေ.ကပဲ ကလေးငယ်တစ်ချို.ကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ ဘ၀အခြေအနေ၊ ကျန်းမာရေး၊ပညာရေး၊ အခွင့်အရေးများနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်းဌာန (DSW)၊ UNICEF၊ Point B တို့နဲ့အတူ ဆွေးနွေး ခဲ့ကြတယ်။


ကလေးသူငယ်များရဲ့ နေထိုင်မှုဘ၀တွေကို ပြောင်းလဲပေးနိုင်တဲ့ ခုလို လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ရလို့ UNICEF ကိုကျေးဇူးတင်ပါတယ်။ ဒီလို လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ခွင့်ရလို့ ကျွန်မ အရမ်းဝမ်းသာ ပါတယ်။ လာမယ့် အစီအစဉ်တွေမှာလည်း ပါဝင်နိုင်ဖို့ မျှော်လင့်မိပါတယ်။

No comments:

Post a Comment