Thursday, October 1, 2015

အရှေ့တောင်အာရှတစ်ဝန်းလုံး၌ ကလေးသူငယ် လူကုန်ကူးမှု တိုက်ဖျက်ရေး

မန်းနီမောင်ရေးသားသည်
 
©UNICEF Myanmar/2015/Manny Maung
 
မော်လမြိုင်၊ မွန်ပြည်နယ်၊ ၂၀၁၅ ခုနှစ် ဇွန်လ - မှောင်မိုက်သောအခန်းနှင့် အပူရှိန်ကို မောင်ဇင်တော် (အမည်လွှဲပြောင်း) မှတ်မိနေသေးသည်။ တခြားမှတ်မိနေသည်များကတော့ မည်သူတွေမှန်း မသိသူများ၏ မသဲကွဲလှသော မျက်နှာများနှင့် အသံများသာ ဖြစ်သည်။

”ကျွန်တော် ကြောက်နေတာကို မှတ်မိတယ်။ ဒါပေမဲ့ ဘာတွေဖြစ်နေလဲ ကျွန်တော်မသိခဲ့ဘူး” ဟု ၎င်းက ပြန်ပြောပြသည်။

ဝရန်တာ၏ သွပ်မိုးပေါ်သို့ မိုးဖွဲလေးများ တတောက်တောက်ကျနေသည်။ ယင်းအဆောက်အအုံက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန (ဒီအက်စ်ဒဗလျူ) ဝင်းအတွင်း အဆောက်အအုံ တစ်ခုဖြစ်ပြီး မိဘမဲ့ သို့မဟုတ် လူကုန်ကူးခံခဲ့ရသော အမျိုးသားလူငယ်လေးများ ကွန်းခိုရာနေရာ ဖြစ်သည်။

အသက် ၁၈နှစ်အရွယ်ရှိ မောင်ဇင်တော်တစ်ယောက် ဤဌာနတွင်နေထိုင်နေသည်မှာ ထိုင်းနိုင်ငံမှ ကယ်တင်ခံရပြီး မြန်မာပြည်သို့ ပြန်လည် ခေါ်ဆောင်လာကတည်းက ဖြစ်သည်။

”ကျွန်တော်ကံကောင်းတယ်ဗျ။ ရက်အနည်းငယ်ပဲ အဖမ်းခံခဲ့ရတာ။ နှိပ်စက်ညှင်းပန်းမခံခဲ့ရဘူး” ဟု မောင်ဇင်တော်က ပြောသည်။

လူကုန်ကူးခံရစဉ်က သူ့အသက် ၈ နှစ်ခန့်ဖြစ်မည်ဟု မောင်ဇင်တော်က ထင်မြင်ယူဆသည်။

ကျန်းမာသန်စွမ်းသော ကောင်လေးတစ်ဦးအနေဖြင့် ၎င်း၏မွေးရပ်မြေဖြစ်သော မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ်၊ ဘားအံမြို့မှာထက် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း ပိုမို ကောင်းမွန်မည်ဟု ၎င်း၏မိဘများအား ဒေသခံ လူပွဲစားက အယုံသွင်းခဲ့သည်။

”ကျွန်တော့်မိဘတွေက အရမ်းဆင်းရဲတယ်။ မုန့်ပဲသရေစာတွေရောင်းတယ်။ ရောင်းလို့ရသမျှပစ္စည်းတွေကို ခေါင်းရွက်ဗျပ်ထိုးရောင်းတယ်။ တစ်ခါတလေကျရင် ကျွန်တော့်ကို ထမင်းနပ်မှန်အောင် ကျွေးဖို့တောင် သူတို့အတွက် ခက်ခဲနေခဲ့တာ” ဟု မောင်ဇင်တော်က ရှင်းပြသည်။

နောက်ဆုံးတွင် မောင်ဇင်တော်၏ မိခင်က ၎င်း၏သားမှာ အဝေးကြီးသို့ ရောက်သွားမည်မဟုတ်ဟု ယုံကြည်လျက် သားနှင့် အဆက်အသွယ်မပျက်စေရပါဟု စည်းရုံးသိမ်းသွင်းသော ပွဲစား၏စကားကို လက်ခံခေါင်းညိတ်ခဲ့သည်။ ဘားအံနှင့် ထိုင်းနိုင်ငံ၏ အကွာအဝေးမှာ ကားနှင့်သွားလျှင် သုံးနာရီသာ ကြာသည်။ အဲ့သည့် အကွာအဝေးတွင်လည်း ကလေးငယ်များ တစ်ကိုယ်တည်း သွားလာရန်အန္တရာယ် များသည်နှင့် ခရီးဆုံးသို့ရောက်လျှင်လည်း ကလေးငယ်များအပေါ် အမြတ်ထုတ်ခေါင်းပုံဖြတ်မှုများ ဖြစ်နိုင်သည်ကို မိခင်ကမသိခဲ့ပေ။

ပွဲစားက မောင်ဇင်တော်၏ နိုင်ငံကူးလက်မှတ်၊ ခရီးစဉ်နှင့် ထိုင်းနိုင်ငံတွင် နေထိုင်ရန်အတွက် စီစဉ် ပေးသည်။ နိုင်ငံကူးလက်မှတ်နှင့် ထိုင်းနိုင်ငံတွင် နေထိုင်ရန်အတွက် ၎င်း၏ မိခင်က ငွေပေးရသည်။

နယ်စပ်ကိုကျော်ပြီး မဲဆောက်မြို့ထဲရောက်သည်နှင့်တစ်ပြိုင်နက် အသက်ကြီးကြီး ထိုင်းအမျိုးသားများက ၎င်းအား လာခေါ်သည်။

မောင်ဇင်တော်ကို နှစ်ထပ်တိုက်တန်းလျားတစ်ခုသို့ ခေါ်သွားပြီး အပေါ်ထပ်ရှိ အခန်းတစ်ခန်းတွင် ထားသည်။ ၎င်းတို့က မောင်ဇင်တော်၏ နိုင်ငံကူးလက်မှတ်နှင့် အနည်းအကျဉ်းသာရှိသော ၎င်းပိုင် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး တံခါးကို သော့ခတ်ကာ အပြင်သို့ထွက်ခွင့်မပေးတော့သောအခါ၌ ဒုက္ခရောက်ပြီဟု မောင်ဇင်တော် သဘောပေါက်လိုက်သည်။

အခန်းထဲတွင် တခြားကလေးသုံးဦးရှိပြီး အားလုံးမှာ မြန်မာနိုင်ငံမှဖြစ်ကာ ၎င်းထက်ပင် အတော်လေး ငယ်ရွယ်  ပုံရသည်။

”သူတို့က တော်တော်ငယ်သေးတယ်။ အကြီးဆုံးတစ်ယောက်ရဲ့အရပ်က ကျွန်တော့်ပခုံးလောက်ပဲ ရှိတယ်။ အဲဒါကောင်လေး။ ကျန်တဲ့နှစ်ယောက်က မိန်းကလေးတွေ” ဟု ၎င်းက ပြောပြသည်။

ယင်းအခန်းနှင့်တွဲလျက် ၀ရံတာတစ်ခုပါသည်။ တစ်နေ့တွင် ထိုဝရန်တာပေါ်သို့ မောင်ဇင်တော် တွားသွား ထွက်နိုင်ခဲ့ပြီး မျက်နှာချင်းဆိုင်ဝရံတာမှ အမျိုးသမီးကို အော်ခေါ်ကာ အကူအညီတောင်းခဲ့သည်။ ၎င်း၏ တောင်းပန်တိုးလျှိုးမှုကို အဆိုပါအမျိုးသမီးက နားလည်ပုံရသည်။

နေ့မကူးခင်ပင် ထိုင်းရဲတပ်ဖွဲ့ရောက်လာပြီး မောင်ဇင်တော်နှင့် အခြားကလေးငယ်များကို အကျဉ်းချ ထားသော အမျိုးသားများကို ဖမ်းဆီးလိုက်သည်။ ထို့နောက် ၎င်းတို့မှာ နှစ်လခန့် မဲဆောက်ရှိ ယာယီစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ခံခဲ့ရပြီး ယင်းနေရာတွင် ကျောင်းတက်နိုင်ခဲ့ ယာယီ စောင့်ရှောက်မှု ရခဲ့သည်။

နောက်ဆုံးတွင် မောင်ဇင်တော်မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး မော်လမြိုင်မြို့ရှိ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးသည့် ယာယီစောင့်ရှောက်ရေးစခန်းတွင် နေထိုင်ခဲ့ရသည်။

”ပထမဆုံး ကျွန်တော်ပြန်ရောက်လာချိန်မှာ ကျွန်တော့်မိဘတွေကို ရှာမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာ ကျွန်တော် ၆ တန်း၊ ၁၃နှစ်အရွယ်ရောက်တော့ ကျွန်တော့်မိသားစုကို ကျွန်တော်တို့ရှာတွေ့ခဲ့တယ်။ အိမ်သာပြန်ခဲ့ရင် စာဆက်သင်ဖို့ လုံးဝခက်ခဲသွားမှာ၊ ကျွန်တော့် မိသားစုရှိတဲ့ နေရာ ပြန်ချင်ပေမဲ့ ကျွန်တော် မော်လမြိုင်မှာ ကျောင်းပြီးတဲ့ထိ နေဖို့ဆုံးဖြတ်ခဲ့ကြတယ်” ဟု မောင်ဇင်တော်က ပြောသည်။

မြန်မာနိုင်ငံရှိ အဆင်းရဲဆုံးသော မိသားစုများက အဖွဲ့အစည်းဆိုင်ရာစောင့်ရှောက်မှုကို ပညာရေးအတွက် အဖြေတစ်ခုအဖြစ် ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပြီး ဤအကြောင်းအရာကို အစိုးရအနေဖြင့် ကျန်းမာသည့် ရပ်ရွာပတ်ဝန်းကျင် ကြီးပြင်းမှုနှင့် မိသားစုပတ်ဝန်းကျင်မှ တားဆီးပိတ်ပင်ထားစေမည့် မလိုအပ်သည့် ရေရှည် အဖွဲ့အစည်းဆိုင်ရာစောင့်ရှောက်မှုကို ရှောင်ရှားရန် အသိပေးပြောကြားသင့်သည့် အရာတစ်ခုပင် ဖြစ်သည်။

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုအတွက် အဓိကအရင်းအမြစ်နှင့် အကူးအပြောင်းကြားခံ နိုင်ငံတစ်ခု ဖြစ်သည်။ ၂၀၁၄ခုနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက လူကုန်ကူးခံရသည့် ကလေးငယ် ၈၃ဦး ကို ပြန်လည် ပေါင်းစည်းစေခြင်းဖြင့် ကူညီထောက်ပံ့ပေးခဲ့သည်။ ၂၀၁၅ခုနှစ် နှစ်ဝက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိသည့် ကလေးသူငယ်များ လူကုန်ကူးခံရသည့် ၈၂မှုတွင် ကလေးငယ်ပေါင်း ၂၆ဦး ပါဝင် နေသည်။ တစ်နှစ်လျှင် လူကုန်ကူးခံရသော မြန်မာနိုင်ငံသားအရေးအတွက်နှင့် ပက်သက်ပြီးတိကျ ခိုင်မာသော ခန့်မှန်းမှုမရှိသော်လည်း ဤကိန်းဂဏန်းများက စုစုပေါင်း၏ အနည်းငယ်ကိုဖော်ပြနေသည်ဟု ခန့်မှန်းသည်။

ယူနီဆက်ဖ်က ကလေးသူငယ် လူကုန်ကူးမှုကို ကာကွယ်ရန်နှင့် လူကုန်ကူးမှုများကို တုံ့ပြန်တိုက်ဖျက် သည့် တရားဥပဒေစိုးမိုးရေးနှင့် ရာဇဝတ်မှုတရားစီရင်ရေးတို့ကို အထောက်အကူပေးရန်အတွက် မြန်မာ အစိုးရ၏ စွမ်းရည်ကို မြှင့်တင်ပေးလျက်ရှိသည်။

”မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ယူနီဆက်ဖ်ရဲ့ ကူညီပံ့ပိုးမှုဖြင့် လုံခြုံစွာရွှေ့ပြောင်းနေထိုင်နိုင်ဖို့နဲ့ လူကုန်ကူးခြင်း တွေကို ကာကွယ်တားဆီးဖို့ အသိပညာ ပြန့်ပွားရေးတွေ လုပ်ဆောင်လျက်ရှိပါတယ်။  ရပ်ရွာအခြေစိုက် စောင့်ကြည့်အဖွဲ့တွေက ရဲတပ်ဖွဲ့ကို လူကုန်ကူးမှုဆိုင်ရာကိစ္စတွေကို ထုတ်ဖော်ကူညီနိုင်ဖို့ လေ့ကျင့် ပေးထားတာ ဖြစ်ပြီး ကျွန်ုပ်တို့ကလည်း စုံစမ်းစစ်ဆေးရေးတွေအတွက် ပံ့ပိုးကူညီဆောင်ရွက်ပါတယ်”ဟု ယူနီဆက်ဖ် Child Protection မှ အယ်ရွန် ဂရင်းဘတ် က ပြောသည်။

၎င်းအပြင် လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသော ကလေးများအား အကဲဖြတ်ဆန်းစစ်ရန်၊ နေရပ်သို့ ပြန်ပို့ရန်နှင့် ပြန်လည်ဝင်ဆံ့စေရန်တို့အတွက် လူမှုဝန်ထမ်းဦးစီးဌာန (ဒီအက်စ်ဒဗလျူ) ၏ စွမ်းရည်ကို တည်ဆောက်ရန်နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့နယ် ၂၇ မြို့နယ်တွင် လူမှုရေးလုပ်ငန်း စီမံခန့်ခွဲမှု ကိုလည်း ယူနီဆက်ဖ်က ထောက်ပံ့ပေးသည်။ ၂၀၁၅ ခုနှစ်တွင် ကလေးသူငယ်များ အပေါ် အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် အလွဲသုံးစွဲမှု ပြဿနာများကို ဖြေရှင်းရန်နှင့် အကာအကွယ်မဲ့နေသော ကလေးသူငယ်များနှင့် ၎င်းတို့မိသားစုများကို ဝန်ဆောင်မှုများနှင့်  ထောက်ပံ့မှုများ ရရှိစေရန်အတွက် မော်လမြိုင်နှင့် ဖားအံအပါအဝင် မြို့နယ်များတွင် မန်နေဂျာ ၇၈ ဦးကို ယူနီဆက်ဖ်က သင်တန်းပေးခန့်အပ်ထားသည်။

အဖွဲ့အစည်းဆိုင်ရာ စောင့်ရှောက်မှုကို အတိုင်းအတာတစ်ခုထိခံယူရန် အသိပညာ ပြန့်ပွားမှုများပြုလုပ်ခြင်း၊ ငွေကြေးနှင့် လူမှုဖူလုံရေးလုပ်ငန်းများ အနေဖြင့် မိသားစုများကို ပံ့ပိုးထောက်ပံ့ရန် အစိုးရနှင့် ယူနီဆက်ဖ်တို့က လုပ်ဆောင်လျက်ရှိသည်။

“ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့က လူကုန်ကူးဖို့ ကားမောင်းပေးရတဲ့ သူတွေကလဲ သတင်းအချက်အလက်တွေ ရရှိဖို့၊ အရည်အသွေးရှိတဲ့ မူလတန်းနဲ့ အလယ်တန်းပညာတွေ ရရှိဖို့နဲ့ ရပ်ရွာကဏ္ဍအနေနဲ့ ထိခိုက်ခံစားလွယ်တဲ့ ကလေးတွေနဲ့ မိသားစုတွေ ကြုံတွေ့ရတဲ့အရာတွေကို တားဆီးကာကွယ်ပြီး တုန့်ပြန်နိုင်ဖို့ အားလုံးပါဝင်ပါတယ်” ဟု အယ်ရွန် ဂရင်းဘတ်က ဆိုသည်။ ”အဖွဲ့အစည်းဆိုင်ရာ စောင့်ရှောက်မှုဆိုတာက ယာယီအနေနဲ့ ကောင်းမွန်ပြီး ဒါကတော့ နောက်ဆုံး ခိုကိုးရာ ဖြစ်သင့်ပါတယ်”

မောင်ဇင်တော်နှင့် သူ၏ မိသားစုက ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေပါတယ် - မော်လမြိုင်မှာ ဆက်နေပြီး ကျောင်းပြီးသည်အထိ နေထိုင်ဖို့ သို့မဟုတ် ပညာရေး အခွင့်အလမ်းများမရှိဘဲ မိသားစုနှင့်ပြန်လည် နေထိုင်ဖို့ ဖြစ်ပါတယ်။

”ကျွန်တော်က အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားတယ်။ တစ်နည်းနည်းနဲ့ ပညာကို ဆက်လက် ဆည်းပူးပြီး မိသားစုကို ကူညီနိုင်ဖို့ အသင့်ရှိချင်တယ်” ဟု ၎င်းက ပြောသည်။

No comments:

Post a Comment