Monday, September 7, 2015

ရခိုင်ပြည်နယ်ရှိ ကလေးများအားလုံး၏ ပူးတွဲအနာဂတ် တည်ထောင်ရန်အတွက် ပညာရေးစွမ်းရည်


ယူနီဆက်ဖ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံးမှ ဆက်သွယ်ရေးပညာရှင် အန်ဒီဘရောင်း ရေးသားသည်
 
သဲချောင်း ပြည်တွင်း၌ နေရာမဲ့ဖြစ်နေသူများ (အိုင်ဒီပီ) စခန်းရှိ စာသင်ခန်းတစ်ခုတွင် သူငယ်ချင်းတစ်ဦးနှင့်အတူ စာသင်ယူနေသော သူဇာ
 ©UNICEF Myanmar/2015/Myo Thame
 
မင်းဂံကျောင်းတွင် ပဉ္စမတန်းတက်နေသော လှိုင်လှိုင်ဦး
©UNICEF Myanmar/2015/Myo Thame

ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးနှင့် အထီးအကျန်ဆုံးဒေသတစ်ခုဖြစ်ပြီး များမြောင်လှသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် မဖြေရှင်းရသေးသော ဖွံ့ဖြိုးရေး လိုအပ်ချက်များ ရှိနေသည်။ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် ဆင်းရဲနွမ်းပါးမှုမှာ ၇၈ ရာခိုင်နှုန်း ရှိနေရာ ရခိုင်ပြည်နယ်၏ လူမှုစီးပွားရေးအခြေအနေမှာ လူများစု ဖြစ်သော ဗုဒ္ဓဘာသာနှင့် လူနည်းစု မွတ်စလင်များအကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ပိုမိုဆိုးရွားလာခဲ့သည်။ ယင်းပဋိပက္ခကြောင့် မွတ်စလင်အုပ်စုများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ထိန်းချုပ်ထားသော စခန်းများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဩဂုတ်လ၌ ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများက အသိုင်းအဝိုင်းနှစ်ခုကြား ခွဲခြားထားသော ကာလရှည်ကြာစွာ အခိုင်အမာ အမြစ်တွယ်နေသည့် နယ်နိမိတ် စည်းကို လျစ်လျူရှုလျက် ဤပြသနာများကို ပိုမိုဆိုးရွားစေခဲ့သည်။


စခန်းတွင်းနှင့် စခန်းတွင်မနေသော အသိုင်းအဝိုင်းနှစ်ခုစလုံးမှ ကလေးငယ်များ၏ ပညာရေးထိခိုက် လျက်ရှိသည်။
စစ်တွေ၊ မြန်မာ၊ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၈ ရက် - အသက် ၁၂ နှစ်ရှိ သူဇာမိုးမှာ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အနီးရှိ သဲချောင်း အိုင်ဒီပီစခန်းတွင် ၎င်း၏ဖခင်၊ မွေးချင်း လေးယောက်တို့နှင့်အတူ နေထိုင်သည်။ ၂၀၁၂ ခုနှစ်တွင် ၎င်း၏ မိသားစုမှာ အနောက်စံပြကျေးရွာရှိ ၎င်းတို့၏နေအိမ်မှ ထွက်ပြေးခဲ့ရသည်။ အောင်မြင်သော စီးပွားရေးလုငပ်ငန်းကို ထားခဲ့ကာ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် (ဒဗလျူအက်ဖ်ပီ) ကပံ့ပိုးသော အစားအစာကို မှီခိုနေရသည်။ သူဇာမှာ စာသင်ခန်းထဲတွင် အထက်မြက် ဆုံးမိန်းကလေး တစ်ဦးခဲ့ဖြစ်သော်လည်း ကျောင်းဆက်မတက်နိုင်တော့ပါ။ ကျန်းမာရေး စောင့်ရှောက်မှု မရရှိခဲ့သဖြင့် ၎င်း၏မိခင်မှာ သေဆုံးခဲ့ရသည်။
၎င်းမှာ ၎င်း၏ ဖခင် ဦးလှကျော်နှင့်အတူ သစ်သား၊ ဝါးနှင့် ယူအင်န်အိတ်ခ်ျစီအာရ်ရွက်ဖျင်တဲ အပိုင်းအစ များနှင့် ဆောက်လုပ်ထားသော ၎င်းတို့အိမ်ငယ်လေး၏ ဆင်ဝင်တွင် ထိုင်နေသည်။ ယင်းအိမ်ကဲ့သို့ပင် အိမ်ငယ်လေးများစွာသည် ကျပ်ညပ်ပြွတ်သိပ်လျက်ရှိသည်။ အပြင်တွင် မိုးရွာနေပြီး အိမ်များကြားရှိ မြေပြင်မှာ စိုစွတ်၍ ဗွက်ထနေသည်။
ရွာမှာပဲ ကျွန်မနေချင်တယ်။ ကျွန်မတို့အိမ်က ကျောင်းနဲ့ နီးနီးလေးမို့လို့ နေ့တိုင်း ကျောင်းတက်နိုင်တယ်။ အဖေက ဝပ်ရှော့ဆိုင်ပိုင်ပြီး ဝင်ငွေကောင်းတယ်။ အမေလည်း ရှိနေသေးတယ်။ အဲဒီမှာတုန်းက ကျွန်မတို့ဘ၀လေးက ဒီထက်အများကြီးပိုကောင်းတယ် ဟု သူဇာက ပြောသည်။
ကျွန်တော် ဒီမှာလည်း စက်ပြင်အလုပ်နည်းနည်းပါးပါး လုပ်နေတုန်းပါပဲ။ တစ်နေ့ကို ကျပ်သုံးထောင် ကနေ လေးထောင်အထိ ဝင်ငွေရှိတယ်။ ဒါပေမဲ့ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် မလုံလောက်ဘူး။ ဒဗလျူအက်ဖ်ပီကနေ ဆန်၊ ပဲနဲ့ ဆီဝေတာ ရပါတယ်။ ဒီမှာ ကျွန်တော်တို့အတွက် လုံခြုံပါတယ်။ ဒါပေမဲ့ ဈေးသွားတာကလွဲလို့ ကျွန်တော်တို့ ခရီးထွက်လို့မရနိုင်ဘူး။ အိမ်ကို ဘယ်တော့မှ ပြန်ရတော့မယ် မထင်ပါဘူး ဟု ၎င်း၏အဖေက ပြောသည်။
သူဇာမိုး (ညာ) အား ရခိုင်ပြည်နယ်၊ သဲချောင်း အိုင်ဒီပီစခန်းတွင် ၎င်း၏မိသားစုနှင့်အတူ တွေ့ရစဉ်
©UNICEF Myanmar/2015/Myo Thame
သူဇာ့အတွက် ကံကောင်းစွာပဲ ပညာဆက်လက်သင်ယူရန် နည်းလမ်းတစ်ခုရှိနေပါသည်။ ယူနီဆက်ဖ်က ထောက်ပံ့ပေးထားပြီး လူသီရီယန်း ဝပ်တ်ဖက်ဒရေးရှင်းက ဦးစီးသည့် စခန်းရှိ ယာယီသင်တန်း ကျောင်းတွင် အလွတ်မူလတန်းပညာရေးကို တက်ရောက်လျက်ရှိသည်။
သင်တန်းကျောင်း၏အပြင်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း ကျောင်းထဲမှာမူ ကလေးများက ၎င်းတို့၏ သင်ခန်းစာများကို အာရုံစူးစိုက်လျက်ရှိသည်။ အတန်းထဲတွင် မိန်းကလေး များကတစ်ဖက်၊ ယောက်ျားလေးများက တစ်ဖက် ထိုင်ကြသည်။ ဆရာတစ်ဦးက မြန်မာဘာသာဖြင့် သင်ပုန်းပေါ်တွင် စာရေးလိုက်ပြီး သူဇာနှင့် အခြားမိန်းကလေးများက အသံထွက်ဖတ်ကြသည်။
လူတစ်ယောက်က တဲတစ်လုံးကို ဆောက်နေပါသည်။ ချည်နှောင်ရန် ကြိုးတစ်ချောင်း လိုနေပါသည်။ မျှော့များကို သတိထားပါ ဟု ခေါင်းမိုးပေါ်ကျလာသော မိုးသံကို ကျော်သည်အထိ အသံမြှင့်ကာ ပြိုင်တူ ရွတ်ဆိုနေကြသည်။
အဆိုပါသင်တန်းကျောင်းတွင် အိုင်ဒီပီစခန်း၌ နေထိုင်သော စုစုပေါင်း ကလေး ၁၁၅ ဦး ပညာသင်ယူ နေသည်။ ယမန်နှစ်က အတော်ဆုံးကျောင်းသားများမှာ စခန်းနှင့်မဝေးသော အစိုးရ အလယ်တန်းကျောင်း သစ်သို့ တက်ရောက်ခွင့်ရခဲ့သည်။ သူဇာလည်း ယင်းကျောင်းသို့ သွားရဖွယ် ရှိသည်ဟု ၎င်း၏ဆရာက ပြောသည်။
သူက စာကောင်းကောင်းသင်တယ်။ ဒီကို သူရောက်လာကတည်းက သူ့ရဲ့တိုးတက်မှုကို တွေ့ရတယ်။ သူ့ရဲ့မိခင်ဘာသာစကားအပြင် ရခိုင်စကားလည်း သူပြောတတ်နေပြီ။ အခုဆိုရင် မြန်မာစာနဲ့ အင်္ဂလိပ်စာ ကိုပါ သင်နေပြီ ဟု ၎င်းက ပြောသည်။
သူဇာသည် ကျောင်းပျက်ခဲသည်။
မနက်ဆိုရင် သင်တန်းကျောင်းကိုသွားတယ်။ ပြီးတော့ နေ့လယ်မှာ စာကြည့်ပြီး အိမ်အလုပ်ကို ကူညီတယ်။ ဘာသာစကားတွေ သင်ယူရတာ ကြိုက်တယ်။ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင် ရေးနိုင်မယ်ဆိုရင် ဘ၀မှာ အရမ်းကို အသုံးဝင်ပါလိမ့်မယ် ဟု သူဇာက ပြောသည်။
အနာဂတ်ရည်မှန်းချက်များ ရှိနေသော်လည်း စခန်းမှာပဲ ဆက်နေရမည်ဟု သူဇာက ထင်မြင်ယူဆလျက် ရှိသည်။
ကျွန်မ အရွယ်ရောက်လာရင် ဒဗလျူအက်ဖ်ပီမှာ အလုပ်လုပ်ချင်တယ်။  သူတို့က အခြားသူတွေကို အစားအစာတွေပေးလို့ပါ ဟု ၎င်းကပြောသည်။
ကျောင်းပြန်တက်ရပြီ
တစ်ချိန်တည်းမှာပင် အနီးအနားရွာလေးတစ်ရွာမှ အသက် ၁၁ နှစ်အရွယ်ရှိ လှိုင်လှိုင်ဦး၏ မိသားစုမှာ ဆင်းရဲနွမ်းပါးစွာဖြင့် ရုန်းကန်နေရသည်။ ၎င်းတို့၏ရပ်ရွာအသိုင်းအဝိုင်း၏ အခြေအနေများမှာ ဆိုးရွားသဖြင့် ကလေးများနှင့် မိသားစုများစွာတို့မှာ ဝင်ငွေရနိုင်သည့် အခွင့်အရေးနည်းပါးသဖြင့် အခြေခံလိုအပ်ချက် အချို့ကိုပင် မဖြည့်ဆည်းနိုင်ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်က လှိုင်၏ မိဘများမှာ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ အဖြစ် အလုပ်လုပ်ရန် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသည်။ လှိုင်နှင့် ၎င်း၏မောင်ငယ်အား ရန်ကုန်ရှိ ဆွေမျိုးများနှင့်အတူ ထားခဲ့သည်။ ၎င်းတို့မိသားစု စစ်တွေသို့ ပြန်လာသောအခါ လှိုင်အား ကျောင်းထားရန် အတွက် လိုအပ်သော အထောက်အထားများမရှိပေ။
ထိုင်းနိုင်ငံမှာ ကျွန်တော်က မီးဆရာအလုပ်လုပ်ပြီး ကျွန်တော့်ဇနီးက ထရမ်စဖော်မာပုံးတွေကို ဆေးသုတ်တယ်။ အဲဒီမှာ ဝင်ငွေပိုရပါတယ်။ ဒါပေမဲ့ စစ်တွေကိုပြန်ပြီး ကလေးတွေနဲ့အတူ ပြန်နေချင်လို့။ အခု မော်တော်ဆိုင်ကယ်ကယ်ရီလိုက်တယ်။ နွေတို့၊ ဆောင်းတို့ဆိုရင် တစ်နေ့ကို တစ်သောင်းဝန်းကျင် ဝင်တယ်။ မိုးတွင်းမှာဆိုရင် ငါးထောင်ဝန်းကျင်ဝင်ပါတယ် ဟု ၎င်းက ပြောသည်။
သာမန်အတန်းကျောင်းများတွင် မသင်ယူနိုင်သည့်အတွက် လှိုင်သည် ယူနီဆက်ဖ်က ထောက်ပံ့ပြီး မြန်မာ စာတတ်မြောက်ရေး အရင်းအမြစ်စင်တာများက ဦးစီးသည့် မင်းဂံကျောင်းက အလွတ်သင် မူလတန်း ပညာရေးစီမံချက်တွင် တက်ရောက်နေသည်။ မိသားစုကို ထောက်ပံ့ရန်အတွက် နေ့ဘက်တွင် အလုပ်လုပ်ရသောသူများနှင့် မွေးချင်းထဲမှ အငယ်များကို စောင့်ရှောက်ရန် အိမ်မှာနေရသော ကလေးများ အပါအဝင် ကျောင်းမတက်ရသော ကလေးများအတွက် ညနေတိုင်း အတန်းချိန်များ ရှိသည်။
လှိုင်က ယင်းသင်တန်းကို ဆုံးခန်းတိုင် သင်ကြားပြီးဖြစ်သဖြင့် ယခု ပညာသင်နှစ်တွင် ပဉ္စမတန်း ကျောင်းသူအဖြစ် တရားဝင်ကျောင်း၌ တက်ရောက်ရသည်။
စာသင်နှစ်၏ ပထမဆုံးအပတ်တွင် အဖြူအစိမ်းဝတ် ကလေးများမှာ စိတ်လှုပ်ရှားပျော်ရွှင်လျက် ကျောင်းမှာ ဆူညံပွက်လောရိုက်လျက်ရှိသည်။ အများစုက မြန်မာ့ရိုးရာ လုံချည်များကို ဝတ်ဆင်ကြသည်။ အားလပ်ချိန်၌ ယောက်ျားလေးများက မြက်ခင်းပြင်ပေါ်တွင် ပြေးလွှားနေကြပြီး မိန်းကလေးများက အုပ်စုများဖွဲ့ကာ ကြိုးခုန်တမ်းကစားနေကြသည်။
အတန်းပြန်စချိန်၌ လှိုင်၏ အတန်းထဲတွင် ဆရာတစ်ဦးက မြန်မာ့ပထဝီဝင်ကို သင်ပေးနေသည်။ အိုင်ဒီပီစခန်းမှာလိုပင် ကလေးများက သင်ပုန်းတွင်ရေးထားသော စာကို ညီညီညာညာ ရွတ်ဆိုကြသည်။
ကျောင်းပြန်တက်ရတာ ကျွန်မအရမ်းပျော်တယ်။ ကျွန်မအကြိုက်ဆုံး ဘာသာရပ်ကတော့ မြန်မာစာပါ။ တခြားကလေးတွေနဲ့ နေ့ဘက်ကျောင်းတက်ရတာ ပိုသဘောကျတယ်။ ကျွန်မရဲ့ သူငယ်ချင်း စန်းစန်းက ကျွန်မနဲ့ အခန်းအတူတူပဲ။ ကျွန်မကြီးလာတဲ့အခါ အင်ဂျင်နီယာလုပ်ပြီး အဆောက်အအုံတွေ ဆောက်ချင်တယ် ဟု ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်း
ရခိုင်ပြည်နယ်၊ မင်းဂံကျောင်းရှိ လသာဆောင်မှ ကျောင်းသားတစ်ဦးက လက်ဝှေ့ယမ်းပြနေစဉ်။©UNICEF Myanmar/2015/Andy Brown
မတူညီသော အသိုင်းအဝိုင်းနှင့် ကွဲပြားခြားနားသော အခြေအနေများတွင် နေထိုင်ရသော်လည်း သူဇာနှင့် လှိုင်တို့ နှစ်ဦးစလုံးမှာ မျှော်လင့်ချက်ချင်း ဆင်ကြပြီး အိပ်မက်လည်းဆင်ကြကာ ၎င်းတို့၏ အနာဂတ် အတွက် ပညာရေး၏ တန်ဖိုးကို နားလည်ကြသည်။ ပညာရေးတွင် တူညီသော ၎င်းတို့၏အိပ်မက်များကို အကောင်အထည်ဖော်ရန်၊ ရခိုင်ပြည်နယ်အတွက် ပူးတွဲအနာဂတ်တစ်ခု တည်ဆောက်ရန်အတွက် ကလေးငယ် များကို ပေါင်းစည်းပေးရန် စွမ်းအားရှိသည်။
ဩစတြေးလျ၊ ဒိန်းမတ်၊ အီးယူ၊ ဂျပန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ တူရကီ၊ ဗြိတန်နှင့် အမေရိကန်တို့ထံမှ ကူညီထောက်ပံ့မှုနှင့်အတူ ယူနီဆက်ဖ်က ရခိုင်ပြည်နယ်မှ ကလေးငယ်များအားလုံး ၎င်းတို့၏ အလားအလာအပြည့်အဝကို ရရှိနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ ယင်းသို့ လုပ်ဆောင်ရန် ကလေးငယ် ဆင်းရဲနွမ်းပါးမှုကို လျော့ပါးစေရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကလေးသူငယ်အခွင့်အရေး ကို မြှင့်တင်ရန်နှင့် အကြမ်းဖက်မှုကြောင့် အိုးအိမ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည့် လူများအတွက် လူသားချင်းစာနာထားထောက်မှု လိုအပ်ချက်များ ပြည့်မီစေရန် ကျွန်ုပ်တို့က လုပ်ဆောင်လျက်ရှိသည်။ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရန် အလို့ငှာ ရပ်ရွာအသိုင်းအဝိုင်းအားလုံးမှ ကလေးနှင့် မိသားစုများအားလုံး ၎င်းတို့ မည်သည့်နေရာတွင်နေသည်ဖြစ်စေ ဝန်ဆောင်မှုများ ရရှိရန်နှင့် ဂုဏ်သိက္ခာ ရှိရှိနေထိုင်နိုင်ပြီး တန်းတူအခွင့်အရေးများရစရန် လိုအပ်သည်။
အလွတ်သင်ပညာရေးက သူဇာနှင့်လှိုင်အား ကူညီထောက်ပံ့ပေးသကဲ့သို့ ဆယ်ကျော်သက်များအတွက် လူမှုဘ၀ကျွမ်းကျင် ပညာရေးထေက်ပံ့ပေးခြင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်မှ သူငယ်တန်း ကျောင်းသားများကို ကျောင်းသုံးကျောပိုးအိတ်များပေးခြင်းနှင့် သူငယ်တန်းမှ စတုတ္ထတန်းအထိအတွက် စာရေးကိရိယာများ ပံ့ပိုးပေးခြင်းတို့ကိုလည်း ပြုလုပ်နေသည်။ ယခုနှစ်တွင် ကျွန်ုပ်တို့က ကျောင်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့် ကလေးငယ်များနှင့် လိုက်ဖက်သော သင်ကြားရေးစနစ်များကို စတင်နေပြီ ဖြစ်သည်။
ယူနီဆက်ဖ်က မြန်မာပြည်မှာ အလုပ်လုပ်နေတာ နှစ်ပေါင်း ၆၀ ရှိပါပြီ။ လူမျိုး၊ ဘာသာ သို့မဟုတ် တရားဝင်တာမဝင်တာ ထည့်သွင်းမစဉ်းစားဘဲ ရခိုင်ပြည်နယ်က ကလေးငယ်အားလုံး ပညာသင်ယူနိုင်စေဖို့အတွက် အခုဆိုရင် အစိုးရနဲ့ရော ရပ်ရွာနဲ့ပါ ပူးတွဲ လုပ်ဆောင်နေပါပြီ ဟု ယူနီဆက်ဖ်မြန်မာ၏ ပညာရေးဆိုင်ရာအကြီးအကဲ ကလစ်မေရာစ်က ပြောသည်။
ရခိုင်ပြည်နယ်၏ အနာဂတ်မှာ သူဇာနှင့် လှိုင်တို့၏ တူညီသောအိပ်မက်များတွင် တည်ရှိနေသကဲ့သို့ ၎င်းတို့ကို အားပေးသော ဖခင်များ၏ ပြင်းပြသောဆန္ဒများလည်းဖြစ်သည်။
သူဇာကျောင်းဆက်တက်ရသည်ကို ၎င်း၏ဖခင်က ကျေနပ်လျက်ရှိသည်။
ကျွန်တော့်သမီးကို ပညာတတ်ကြီး တကယ်ဖြစ်စေချင်တယ်။ သူက အရမ်းထက်မြက်တယ်။ သမီးအတွက် ကျွန်တော်ဂုဏ်ယူတယ် ဟု ၎င်းက ပြောသည်။
လှိုင်၏ဖခင်တွင်လည်း အလားတူ သဘောထားမျိုးရှိသည်။
ကျွန်တော့်သမီးရဲ့အနာဂတ်အတွက် ကျွန်တော့်ရဲ့အဓိက မျှော်လင့်ချက်က သူ ပညာကောင်းကောင်း သင်ရဖို့ပါပဲ ဟု ၎င်းက ပြောသည်။
 

No comments:

Post a Comment